Saturday, May 4, 2024

ပုံးအင်း ဒေသ အမျိုးသားတစ်ဦး အသတ်ခံရသည့် အလောင်းတွေ့

Must read

သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသတွင် အမျိုးသားတစ်ဦး သေဆုံးနေသည့် အလောင်းကို ဒေသခံများက ရွာအနီး တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ ဖိုင်လင်းကျေးရွာရှိ စာသင်ကျောင်းအနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) နံနက်ပိုင်း၌ အမျိုးသားတစ်ဦး ညိုမည်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းကို ဒေသခံများက တွေ့ရှိခဲ့ကြောင်း ပုံးအင်းဒေသခံများက ပြောသည်။

“ဘယ်လိုသေလဲဆိုတာ အခုထိ သေချာမသိရသေးဘူး။ သူက ဘေးရွာကို သွားမယ်ဆိုပြီး အိမ်ကနေ ၅နာရီလောက်မှာ ထွက်သွားတာ၊ အဲ့ဒီနောက် ဖုန်းဆက်လို့လည်း မရတော့ဘူး။ ကြည်ရတာတော့ သူများ သတ်ပြီး ရွာနားပစ်ထားတာ၊ သွေးတွေလည်း မတွေ့ရဘူး။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ၊ လည်ပင်းတွေမှာလည်း ညစ်ထားတဲ့ ဒဏ်ရာတွေ ညိုနေတယ်”ဟု ပုံးအင်းဒေသခံ အသက် ၅၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသေဆုံးသွားသော အမျိုးသားသည် ဖိုင်လင်းကျေးရွာတွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် စိုင်းဆေ ဆိုသူဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းကလည်း ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် ဘန်းယဉ်ကျေးရွာ အရှေ့ဘက်ရှိ ကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ထမ်းယမ်းရွာမှ ကလေးငယ် ၁ ဦး နှင့် အမျိုးသား ၁ ဦးသေဆုံးသွားခဲ့ကြောင်း ဆီဆိုင်ဒေသခံများက ပြောသည်။

ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)တို့ တိုက်ပွဲပြင်းထန်လျက်ရှိသည့် နေရာဖြစ်သည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

ပုံးအင်း #အမျိုးသားအလောင်းတွေ့

Leave a Comments

- Advertisement -spot_img

Latest article