Wednesday, May 1, 2024

တိုက်ပွဲကြောင့် ဆီဆိုင်-ဆိုက်ခေါင် လမ်းတကြောရှိ ကျေးရွာများ ဆက်လက်ထွက်ပြေးနေ

Must read

သျှမ်းပြည် ဆီဆိုင်မြို့အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆီဆိုင်-ဆိုက်ခေါင် လမ်းကြောတလျောက်ရှိ ကျေးရွာများမှ ပြည်သူများသည် ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) နံနက်အစောပိုင်းမှစ၍ ဆက်လက် ထွက်ပြေးတိမ်း ရှောင်နေရကြောင်း စုံစမ်းသိရသည်။

ဆီဆိုင် စစ်ရှောင်

ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) နံနက်အစောပိုင်းမှစပြီး ဆီဆိုင်မြို့ပေါ် တိုက်ပွဲကြောင့် ကောင်းမှုဗွာရွာ၊ နမ့်သြရွာ၊ ထီတမောင်းရွာ၊ ပင်စုံရွာ နှင့် ဆိုက်ခေါင်စံပြကျေးရွာမှ ပြည်သူများသည် ဘေးလွတ်ရာသို့ ဆက်လက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိုက်ခေါင်မြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့မနက်က ရှောင်ဖို့ပြောကြတာ။ ဆိုက်ခေါင်ကလူတွေတော့ တော်တော်များ ရှောင်နေကြပြီ။ ဆီဆိုင်နဲ့ ဆိုက်ခေါင်ကြားက ရွာတွေတော်တော်များများလည်း ရှောင်ကုန်ပြီ။ တိုက်ပွဲလည်း နီးလာပြီဆိုတော့ စိုးရိမ်တာ” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဆီဆိုင်မြို့ပေါ်ရှိ ပြည်သူတချို့လည်း ယနေ့ (ဇန်နဝါရီလ ၂၅ ရက်)တွင် ထပ်မံ ထွက်ပြေး တိမ်းရှောင်ပြီး ထွက်မပြေးနိုင်သူများက မြို့ပေါ်တိုက်ပွဲကြားတွင် ပိတ်မိနေလျက်ရှိသေးကြောင်း သိရသည်။
ဆိုက်ခေါင်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက “အခုဆီဆိုင်ကအမျိုးတွေလည်း ဆိုက်ခေါင်ရောက်လာကုန်ပြီ။ ဆိုက်ခေါင်ကနေ တောင်ကြီးဘက်ကို ပြန်ပြေးလာကြတာ။ တချို့တွေတော့ ရွာတွေဘက် ပြေးသွားကြတာလည်း ရှိတယ်” ဟု ထပ်လောင်းပြောသည်။

ဆီဆိုင်-ဆိုက်ခေါင် စစ်ရှောင်

လက်ရှိတွင် ဆီဆိုင်မြို့ရှိ မြို့မရဲစခန်းအပြင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းများ ဖြစ်ကြသည့် ခမရ (၄၂၃၊ ၄၂၄) အပါအဝင် ဌာနဆိုင်ရာရုံးများအား PNLA နှင့် KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့ (ဇန်နဝါရီလ ၂၄ ရက်)က ညပိုင်းတွင် ဝင်ရောက်တိုက်ခိုက်၍ သိမ်းပိုက်လိုက်နိုင်ပြီး ၎င်းတို့အလံလွှင့်ထူထားကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article