Wednesday, December 11, 2024

ဆီဆိုင်မြို့မရဲစခန်းကို PNLA နှင့် KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်

Must read

သျှမ်းပြည် ဆီဆိုင်မြို့ရှိ စစ်ကောင်စီ မြို့မရဲစခန်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA)နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။

PNLO

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA) ဦးဆောင်ပြီး ပူးပေါင်းတပ်ဖွဲ့များ ဆီဆိုင်မြို့ကို ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ မြို့မရဲစခန်းကို ယမန်နေ့ (ဇန်နဝါရီလ ၂၄ ရက်) ညပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း PNLA ၏ သတင်းပြန်ကြားရေး ရဲဘော်ခွန်လေတိုးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ကဆီဆိုင်မြို့ တကြောကို နေရာအနှံ့ဖြန့်ပြီးတော့ တိုက်တယ်။ ကျနော်တို့ ရဲစခန်းကို စတင်တိုက်ခိုက်တယ်။ ရဲစခန်းကိုလည်း သိမ်းပိုက်နိုင်ပြီ” ဟု ရဲဘော်ခွန်လေတိုးက ပြောသည်။

ထိုကဲ့သို့ ဆီဆိုင်မြို့မရဲစခန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် လာရောက် ဗုံးကြဲခဲ့ပြီး၊ မြို့ထဲရှိ အဆောက်အဦးများလည်း မီးလောင်သွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA) သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို ဆက်လက်ဆွဲကိုင်ထားပြီး PNLO ၏ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာသည်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST တွင် အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်နေသည်။

PNLO

သို့သော် (ဇန်နဝါရီလ ၂၁ ရက်)က ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင်း PNLA မှသယ်ဆောင် လာသော လက်နက်ခဲယမ်းများကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တားဆီးစစ်ဆေးမှုမှ ပစ်ခတ်မှု ဖြစ်စဉ်အပြီး NCA စာချုပ်ပျက်ပြယ်သွားကြောင်း ရဲဘော်ခွန်လေတိုးက ဆက်ပြောသည်။

“ NCA ကတော့ကျနော်တို့ စဖောက်ခဲ့တာမဟုတ်ဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျနော်တို့အဖွဲ့အစည်းအနေနဲ့ လက်နက်၊ ခဲယမ်းသယ်ဆောင်လာတယ်။ ညှိညှိနှိုင်းနှိုင်းနဲ့ ပြောတယ်။ ညှိညှိနှိုင်းနှိုင်းပြောပေမယ့်လည်း ကျနော်တို့ပစ္စည်းကို ဒီအတိုင်းလုပ်သွားတော့ NCA ကပျက်သွားပြီ” ဟု ခွန်လေတူးက ထပ်လောင်းပြောသည်။

လက်ရှိတွင် ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ဆက်လက်ထိန်းချုပ်နေရာယူထားပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် မြို့ထဲကိုလာရောက် ဗုံးကြဲတိုက်ခိုက် နေလျက်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article