Tuesday, April 30, 2024

လားရှိုးမြို့နယ် အမျိုးသားတစ်ဦး ဗုံးခိုကျင်းထဲ မီးလှုံရာမှ သေဆုံးမှုဖြစ်ပွား

Must read

သျှမ်းပြည် လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာနေ အမျိုးသားတစ်ဦးသည် ပစ်ခတ်သံများကြောင့် ဗုံးခိုကျင်းထဲသို့ ဝင်ပုန်းပြီး မီးလှုံရာ အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၁၀ ရက်) ညပိုင်းတွင် လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာအနီး ပစ်ခတ်သံကြားရပြီးနောက် အသက် ၅၆ နှစ်အရွယ်အမျိုးသားတစ်ဦးသည် အုတ်များဖြင့် အခိုင်အမာ ဆောက်လုပ်ထားသော ၎င်း၏အိမ်ခြံဝန်းထဲမှ ဗုံးခိုကျင်းထဲသို့ ဝင်ပုန်းပြီး မီးလှုံနေစဉ် မီးခိုးမွှန်ကာ အောက်စီဂျင် ပြတ်လပ်၍ သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့မနက် သူ့သူငယ်ချင်း အိမ်နီးချင်းတွေက ရိပ်မိတာ။ ခါတိုင်းဆို ထွက်လာပြီ၊ ဒီနေ့မတွေ့သေး လို့ဆိုပြီး သွားကြည့်တော့ တောင့်ခဲနေပြီ။ ညကတည်းက ဆုံးထားတာ ဖြစ်နိုင်တယ်။ ပြီးတော့ညက သူမီးမွေးပြီး အိပ်တာ။ အောက်စီဂျင်ပြတ်ပြီး သေသွားတာလည်း ဖြစ်နိုင်တယ်” ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဇန်နဝါရီလ ၁ ရက်တွင်လည်း နမ့်ဖတ်ကာရွာရှိ အသက် ၆၀ ကျော်အရွယ် အဘွားတစ်ဦး လည်းကကုတ်ကျင်းထဲတွင် မီးမွေးနေစဉ် မီးခိုးမွှန်ပြီး သေဆုံးသွားသည်။

လက်ရှိတွင် တိုက်ပွဲကြောင့် လားရှိုးမြို့ဒေသခံ အများအပြားလည်း မြို့ကိုစွန့်ခွာထွက်ပြေးနေ ကြောင်းလားရှိုးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ ဒီနေ့ထွက်ပြေးတဲ့သူ အများကြီးပဲ။ တရုတ်လူမျိုးပိုများတယ်။ ကိုးကန့်လူမျိုးတွေဝင်လာရင် စစ်မှုထမ်းရမှာကြောက်လို့တဲ့။ ကျမတို့လည်း အထုပ်တွေပြင်းထားတယ်” ဟု ၎င်းအမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

သျှမ်းမြောက်ဒေသတွင် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲကြောင့် ကလေးအပါအဝင် ပြည်သူ ၂၀၀ နီးပါး သေဆုံးပြီး ၂၆၀ ကျော် ထိခိုက်ဒဏ်ရာရှိထားကြောင်း သျှမ်းသံတော်ဆင့်မှ သီခြားကောက်ယူထားသော မှတ်တမ်းအရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article