Friday, September 13, 2024

သီပေါမြို့နယ် အမျိုးသားတစ်ဦး ကျွဲသွားရှာရင်း မိုင်းနင်းမိပြီး ညာခြေထောက်ပြတ်ခံရ

Must read

သျှမ်းပြည် သီပေါမြို့နယ်တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိရာမှ ညာခြေထောက်တစ်ဘက်ပြတ် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

သီပေါ မိုင်းနင်းမိသည့်အမျိုးသား

ယမန်နေ့ (ဇန်နဝါရီလ ၃ ရက်) နေ့လည် ၁ နာရီကျော်တွင် သီပေါမြို့နယ် မိုးတေကျေးရွာမှ အသက် ၂၈ နှစ်အရွယ်ခန့်ရှိ စိုင်းအောင်ကြံ ဆိုသူသည် မိုးတေတံတားအနီး ကျွဲသွားရှာရင်း မိုင်းနင်းမိရာမှ ညာခြေထောက်တစ်ဘက်ပြတ် ဒဏ်ရာရရှိခဲ့ကြောင်း သီပေါမြို့နယ် ဒေသခံများက ပြောသည်။

“သူက ကျွဲသွားရှာရင်းနဲ့ မိုင်းနင်းမိတာ။ မိုးတေတံတားဘက် မရောက်ခင် အကွေ့နားမှာ လမ်းမကြီးဘေးနားက ခြုံစပ်နားလေးမှာတင် နင်းမိတာ။ ညာဘက်ခြေထောက်ကတော့ ပြတ်သွားတယ်။ ရွာသားတွေ သွားတွေ့ပြီး သူ့ကို သီပေါဆေးရုံကနေတဆင့် လားရှိုးဆေးရုံကြီးကို ဆေးကုဖို့ လွှဲလိုက်တယ်။ ရွာသားတွေကတော့ အဲ့နားမှာ မိုင်းတွေ ထပ်ရှိသေးတယ်လို့ ပြောတယ်”ဟု သီပေါမြို့နယ်မှ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးတေတံတားအနီး ကျွဲသွားရှာရင်း မိုင်းနင်းမိသည့် စိုင်းအောင်ကြံသည် ဇနီးနှင့် အသက် ၄ နှစ်အရွယ်ခန့် သမီးတစ်ဦးရှိပြီး လက်ရှိတွင် လားရှိုးဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိကာ ဆေးဖိုးဝါးခ အကူအညီများ လိုအပ်နေကြောင်း သိရသည်။

သီပေါ မိုင်းနင်းမိသည့်အမျိုးသား

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း လားရှိုးမြို့နယ် ဟူးမွန်ကျေးရွာတွင် အသက် ၂၂ နှစ်အရွယ်ရှိ စိုင်းအွန်ဆိုသူ လူငယ်တစ်ဦးလည်း မိုင်းနင်းမိကာ ညာဘက်ခြေသလုံး‌အောက်ပိုင်း ပြတ်လိုက်ရသည်။

အလားတူ ဒီဇင်ဘာလအတွင်း နမ္မတူမြို့မှ အသက် ၅၆ နှစ်အရွယ်ရှိ ပါ့ဆိုင်စံ ဆိုသူ အမျိုးသမီးလည်း ပန်းသွားခူးရာမှ မိုင်းနင်းမိပြီး တစ်ကိုယ်လုံး ထိခိုက်ဒဏ်ရာရရှိကာ ဘယ်ဘက်ခြေထောက်ကို ဒူးအောက်ပိုင်းမှ ဖြတ်တောက်လိုက်ရပြီး လက်ရှိတွင် လားရှိုးဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည်ဟု သိရသည်။

ထို့ပြင် ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်တွင်လည်း အမျိုးသား ၃ ဦးထက်မနည်း မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက်ပြတ်ဒဏ်ရာ အသီးသီး ရရှိကြသည်ဟု ဒေသခံများက ပြောသည်။

မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ မှတ်တမ်းများအရ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်အကြွင်းအကျန်များကြောင့် သျှမ်းပြည်တွင် အရပ်သားထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပွားခဲ့ပြီး ကလေးထိခိုက်သေဆုံးမှုမှာ စုစုပေါင်း၏ လေးပုံတစ်ပုံခန့်ရှိကြောင်း ထုတ်ပြန်ထားသည်။

သျှမ်းပြည်အတွင်းရှိ မြို့နယ်များတွင် ကျောက်မဲမြို့နယ်သည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံးဖြစ်ပြီး မိုင်းနင်းမိသည့် ဖြစ်စဉ် ၁၂၀ ကျော်အထိ ရှိခဲ့ကာ သီပေါမြို့နယ်တွင် ဖြစ်စဉ် ၅၈ ခု၊ ကွတ်ခိုင်မြို့နယ်တွင် ဖြစ်စဉ် ၃၈ ခုဖြင့် အသီးသီးရှိကြကြောင်း မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့၏ သီးခြားမှတ်တမ်းများအရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article