Tuesday, January 27, 2026

“၁၀၂၇ စစ်ဆင်ရေး” နှစ်လအတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား သေဆုံးဒဏ်ရာရရှိမှု ဆက်လက်မြင့်တက်

သျှမ်းပြည် မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ “၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေသည့် နှစ်လကျော်ကာလအတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက် သေဆုံးဒဏ်ရာရရှိမှု ဆက်လက်မြင့်တက်နေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်း နှစ်လသာအတွင်း ညီနောင်မဟာမိတ်နဲ့ စစ်ကောစီ တိုက်ပွဲကြားထိခိုက်ဒဏ်ရာရရှိသူ

ညီနောင်မဟာမိတ်တို့၏ မြို့သိမ်းတိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဆင်ရေး (၂)လအတောအတွင်း သျှမ်းမြောက်ရှိ မြို့နယ် ၁၅ ခုတွင် အရပ်သားသေဆုံးမှုမှာ ၂၀၀ နီးပါးအထိ မြင့်တက်လာပြီး ထိခိုက်ဒဏ်ရာရရှိသူမှာ ၄၀၀ ထက်မနည်း ရှိလာကြောင်း သျှမ်းသံတော်ဆင့်၏ သတင်းမှတ်တမ်းများအရ သိရသည်။

ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့၌ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု တစုံတရာမရရှိဘဲ နှစ်ဘက်တိုက်ပွဲ ပိုမိုပြင်းထန်လျက်ရှိပြီး သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်နှင့် လောက်ကိုင်မြို့တို့သည် ညီနောင်မဟာမိတ်တပ်တို့၏ ဝိုင်းရံပိတ်ဆို့ထားခြင်းကို ခံနေရသည်။

“၁၀၂၇ စစ်ဆင်ရေး”၏ စစ်ရေးဦးတည်ချက်တစ်ခုဖြစ်သည့် လောက်ကိုင်မြို့ မကျရှုံးရေးအတွက် စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် မြို့တွင်းလူနေ ရပ်ကွက်များအထိပါ ဗုံးကြဲတိုက်ခိုက်လာသောကြောင့် ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့က တုန်ချိန်ရပ်ကွက်တွင် အရပ်သား ၈ ဦးထက်မနည်း သေဆုံးပြီး ၂၅ ယောက် ဒဏ်ရာရရှိခဲ့သည်ဟု ကိုးကန့်မီဒီယာက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

သျှမ်းပြည်မြောက်ပိုင်း နှစ်လသာအတွင်း ညီနောင်မဟာမိတ်နဲ့ စစ်ကောစီ တိုက်ပွဲကြားထိခိုက်ဒဏ်ရာရရှိသူ

ဒီဇင်ဘာလ ၂၆ ရက်နေ့က လောက်ကိုင်မြို့စွန်ရှိ လောက်တုန်ကုတ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး စစ်ဆင်ရေး စတင်ချိန်မှ ယနေ့အထိ ကိုးကန့်အထူးဒေသ(၁)တွင် အရပ်သားအနည်းဆုံး(၆၅)ဦး သေဆုံးပြီး (၆၆)‌ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကန့်ဒေသ ကုန်းကြမ်းမြို့နယ်တွင်လည်း ဒီဇင်ဘာလ ပထမပတ်အတွင်းက ကုန်းကြမ်းတပ်စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများသည် ဝကြည်ကျိုင့်ရွာနှင့် စူကြားကျိုင့်ရွာသို့ ရောက်ရှိလာပြီး ရွာသားများကို လိုက်လံဖမ်းဆီးခြင်းနှင့် လူသားဒိုင်းကာလုပ်ခြင်းတို့ကြောင့် အရပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကိုးကန့်မီဒီယာက ဒီဇင်ဘာလ ၅ ရက်နေ့တွင် သတင်းဖော်ပြသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့၌ ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှုအပြီး မူဆယ်နှင့် နမ့်ခမ်းမြို့နယ်တို့တွင် ဒီဇင်ဘာလ ဒုတိယပတ်နှင့် တတိယပတ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး မူဆယ်ရှိ (၁၀၅)မိုင် ဗျူဟာတပ်စခန်းကို ဒီဇင်ဘာလ ၁၅ ရက်တွင်လည်းကောင်း၊ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်၏ နောက်ဆုံးကျန်ရှိသော စခန်းသစ်ကုန်းကို ဒီဇင်ဘာလ ၁၉ ရက်တွင်လည်းကောင်း ညီနောင်မဟာမိတ်တပ်တို့က သိမ်းပိုက်နိုင်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်တွင် မူဆယ်(၁၀၅)မိုင် တိုက်ပွဲအတွင်း အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဘက်တိုက်ပွဲပြင်းထန်သောကြောင့် အလောင်းမကောက်နိုင်သည်များလည်း ရှိခဲ့သည်။

ဒီဇင်ဘာလ ၁၅ ရက်က မူဆယ် ၁၀၅ မိုင်ရှိ နွားခြံတစ်ခုသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ နွားအကောင် ၂၀ နီးပါး သေဆုံးခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

ထို့အပြင် ဒီဇင်ဘာလ ၂၆ ရက်တွင်လည်း ညီနောင်မဟာမိတ်များ သိမ်းပိုက်ထားသည့် မူဆယ် ၁၀၅ မိုင်အနီးရှိ မိုင်းယုကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးထပ်မံ ဒဏ်ရာပြင်းထန်ကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

နမ့်ခမ်းမြို့နယ်တွင် ဒီဇင်ဘာလ ၁ ရက်၌ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကောင်းနောင်မို၊ ဟိုကတ်၊ နောင်စန့် စသည့် နမ့်ခမ်းမြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ဒီဇင်ဘာလ ၅ ရက်က စစ်ကောင်စီ၏ နမ့်ဖက်ကာ တပ်စခန်းမှနေ၍ လက်နက်ကြီးဖြင့် နမ့်ခမ်း စခန်းသစ်ကုန်းဘက်သို့ လက်နက်ကြီးပစ်ကူသည့်အတွက် လွိုင်အုံး(လွႆဢူၼ်ႈ)ရွာမှ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ဒီဇင်ဘာလ ၆ ရက် ညသန်းခေါင်အချိန်တွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် နမ့်ခမ်းမြို့နယ် ဟိုနားကျေးရွာတွင် အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၁ ဦး အပါအဝင် စုစုပေါင်း ၅ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီဇင်ဘာလ ၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အလားတူ ဒီဇင်ဘာလ ၁၁ ရက်တွင် လေကြောင်းဗုံးကြဲမှုကြောင့် နမ့်ခမ်းမြို့ ပေါက်နေရပ်ကွက်တွင် ပြည်သူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ လေယာဉ် ၆ စီးဖြင့် နမ့်ခမ်းမြို့သို့ အင်အားဖြည့် တိုက်ခိုက်လာခြင်းကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့သည်။

ဒီဇင်ဘာလ ၁၃ ရက်တွင် ပေါက်တျန်မရပ်ကွက်ရှိ စစ်ဘေးရှောင်များခိုလှုံနေသည့် ဇေယျသုခဘုန်းကြီးကျောင်းနှင့် ကျောင်းဆောင်အများအပြား လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထပ်မံထိခိုက်ပျက်စီးခဲ့သည်ဟု နမ့်ခမ်းဒေသခံများထံမှ သိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA က အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နိုင်ရန် ကြိုးပမ်းလာသည့် သိန္နီမြို့နယ်တွင်လည်း ဒီဇင်ဘာလ ၂၃ ရက်နှင့် ၂၅ ရက်တို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အပြင်းအထန် ထပ်မံဗုံးကြဲတိုက်ခိုက်လာခြင်းကြောင့် အမျိုးသမီး ၂ ဦး အပါအဝင် ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် ပြည်သူနေအိမ် ၃၀ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိန္နီဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက် ညအချိန်တွင် စစ်ကောင်စီတပ်မှ သိန္နီမြို့တွင်းသို့ လက်နက်ကြီး ၆ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် ရပ်ကွက်(၁) ဈေးတန်းရပ်ရှိ သိန္နီစာတိုက်နှင့် ပြည်သူနေအိမ် ၁၂ လုံး မီးလောင်ကျွမ်းခဲ့ပြီး ဒီဇင်ဘာလ ၄ ရက်တွင် သိန္နီမြို့နယ် ကျောင်းခမ်းဘုန်းကြီးကျောင်းအတွင်းသို့ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် စစ်ဘေးရှောင် အမျိုးသမီး ၁ ဦး ထိတ်လန့်သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ကွတ်ခိုင်မြို့နယ်တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့က လွယ်ပယ်ကျေးရွာသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး ရင်ခွင်ပိုက် ကလေးမိခင် အပါအဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း လွယ်ဆိုင်ကျေးရွာတွင် လက်နက်ကြီးကြောင့် ၉ နှစ်အရွယ် ကလေး ၁ ဦး သေဆုံးခဲ့သည်ဟု ကွတ်ခိုင်ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ ၂၀ ရက်တွင်လည်း ကွတ်ခိုင်အခြေစိုက် ခလရ-၄၅ မှ စစ်ကောင်စီတပ်သားများသည် TNLA တံဆိပ်ပါစစ်ဝတ်စုံ ဝတ်ဆင်ပြီး ကွတ်ခိုင်မြို့သစ် ရပ်ကွက်(၈)မှ ဟွေကုတ်ကျေးရွာအထိ လမ်းမကြီးတလျှောက်တွင် အရပ်သား ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အချို့မှာ ယနေ့အထိ ပြန်လည်မလွတ်မြောက်လာသေးကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

လားရှိုးမြို့နယ်တွင် ဒီဇင်ဘာလ ၂ ရက်က မိုင်းယော်တိုက်နယ်ရှိ လုံတွေကျေးရွာကို စစ်ကောင်စီတပ်က ညသန်းခေါင်အချိန် လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး ကလေး ၁ ဦး အပါအဝင် ၃ ဦးဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” နှစ်လအတွင်း လားရှိုးမြို့နယ်သည် လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး သေဆုံးမှု အများဆုံးဖြစ်ပြီး အမျိုးသမီး ၁၂ ဦးနှင့် ကလေး ၁ ဦး အပါအဝင် စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

နမ့်ဆန်မြို့နယ်တွင် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၆ ရက်နေ့အထိ TNLA တပ်ဖွဲ့၏ မြို့သိမ်းတိုက်ပွဲ တစ်ပတ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိကာ နေအိမ်အလုံး ၈၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်း၏ မှတ်တမ်းများအရ သိရသည်။

မန်တုံမြို့နယ်တွင် ဒီဇင်ဘာလ တတိယပတ်အတွင်း TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ ပြင်းထန်သည့် နှစ်ဘက်တိုက်ပွဲအကြား ဆက်သွယ်ရေးကွန်ယက် ပြတ်တောက်မှုကြောင့် ပြည်သူထိခိုက်ဒဏ်ရာရရှိမှုနှင့် အိုးအိမ်ပျက်စီးမှုတို့ကို အသေးစိတ်မသိရှိရသေးဘဲ စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီဇင်ဘာလ ၂၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

နမ္မတူမြို့နယ်တွင်လည်း ဒီဇင်ဘာလ ၂၅ ရက်က စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် နမ္မတူမြို့ ရပ်ကွက်(၃)မှ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ဒီဇင်ဘာလ ၂၃ ရက်က ခမရ-၃၂၄ တပ်စခန်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ရပ်ကွက်(၆)မှ ကလေး ၁ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု နမ္မတူဒေသခံများက‌ပြောသည်။

ကျောက်မဲမြို့နယ်တွင် ဒီဇင်ဘာလ ၁၈ ရက်က တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဟူးကွက်ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် ကျောင်းသူနှစ်ဦး အပါအဝင် စုစုပေါင်း ၃ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု တအာင်းအမျိုးသမီးအဖွဲ့က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂၆ ရက်တွင် မိုင်းငေါ့မြို့ရှိ စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးသည် မန်ခေါက်ကျေးရွာအတွင်း ပေါက်ကွဲခဲ့ရာ အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိကာ ဒီဇင်ဘာလ ၅ ရက်က မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အထက်အောင်မြေရပ်ကွက်ရှိ အမျိုးသမီး ၁ ဦးသေဆုံး၍ ကလေး ၃ ဦးနှင့် မသန်စွမ်း ၁ ဦးအပါအဝင် စုစုပေါင်း ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း မိုင်းလုံမြို့ဒေသခံများက ပြောသည်။

သီပေါမြို့နယ်တွင် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဉ့်အင်တံတားသည် ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်အကြား ဒီဇင်ဘာလ ၁ ရက်က ဖြစ်ပွားခဲ့သော နှစ်ဘက်တိုက်ပွဲအတွင်း အလုံးစုံဖျက်ဆီးခံခဲ့ရသည်။

နောင်ချိုနှင့် ကွမ်းလုံမြို့များတွင် ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့၏ နှစ်ဘက်ထိတွေ့တိုက်ပွဲများ နည်းပါးခဲ့ပြီး စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲမှုများသာ ရှိခဲ့ကာ ဒီဇင်ဘာလအတွင်း ထိခိုက်သေဆုံးမှု မသိရှိရပေ။

၂၀၂၃ အောက်တိုဘာလ နှောင်းပိုင်းမှစပြီး တိုက်ပွဲနဲ့ ဆက်စပ်ဖြစ်ရပ်များကြောင့် သျှမ်းမြောက်ရှိ စစ်ဆင်ရေးဖြစ်ပွားရာ မြို့နယ်အများအပြားတွင် အရပ်သား ၁၃၀ ဦး သေဆုံးပြီး ၂၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၄၃၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဒီဇင်ဘာလ ၁၈ ရက်တွင် ကြေညာသော်လည်း တိုက်ပွဲဆက်လက် ပြင်းထန်နေသောကြောင့် မြေပြင်အချက်အလက်များအရ ၎င်းပမာဏထက် ပိုမိုများပြားနိုင်သည်။

“၁၀၂၇ စစ်ဆင်ရေး” နှစ်လအတွင်း သျှမ်းမြောက်ရှိ မြို့နယ် ၁၆ ခုတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁၂၀,၀၀၀ နီးပါး ရှိလာပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ ပိုမိုပြင်းထန်လာသည့် တိုက်ပွဲအခြေအနေများကြောင့် စစ်ဘေးရှောင်များ နေ့စဉ်နှင့်အမျှ ဆက်လက်တိုးပွားလာနေပြီး အချို့စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက် မြင့်တက်လာနေသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...