Saturday, May 4, 2024

သျှမ်းတပ်နှစ်ဖွဲ့ကြား အပစ်အခတ် ရပ်စဲပြီးနောက် အပြန်အလှန် စစ်သုံ့ပန်း လွှတ်ပေး

Must read

သျှမ်းပြည်တပ်မတော်များ ဖြစ်သည့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား နှစ်ဖက်တပ်ဖွဲ့ အပစ်အခတ် ရပ်စဲပြီးနောက် အပြန်အလှန် စစ်သုံ့ပန်း လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။

RCSS နှင့် SSPP

နိုဝင်ဘာလ ၂၉ ရက်တွင် နှစ်ဘက်တပ်ဖွဲ့အကြား သျှမ်းအမျိုးသားသွေးစည်းညီညွတ်ရေး ဉီးတည်ချက်ဖြင့် ဆွေးနွေးခဲ့ကြပြီး အချက် ၉ ချက် သဘောတူညီနိုင်ခဲ့ကာ သဘောတူညီချက် အမှတ်(၂)အရ ဖမ်းဆီးထားသော စစ်သုံ့ပန်းများကို RCSS တပ်ဖွဲ့မှ ဒီဇင်ဘာလ ၁၂ ရက်၌ လည်းကောင်း၊ SSPP တပ်ဖွဲ့မှ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင်လည်းကောင်း အသီးသီး လွှတ်ပေးခဲ့သည်ဟု နှစ်ဖက်သတင်းထုတ်ပြန်ချက်များအရ သိရသည်။

စစ်သုံ့ပန်း

ယမန်နေ့ (ဒီဇင်ဘာလ ၂၁ ရက်)က SSPP တပ်ဖွဲ့မှ အတွင်းရေးမှူး(၂) ဖြစ်သူ ဗိုလ်မှူးကြီး စိုင်းဆု ဦးဆောင်၍ နှစ်ဘက်တိုက်ပွဲအတွင်း ဖမ်းဆီးခဲ့သည့် ကျောက်မဲမြို့နယ်နှင့် ပင်လုံမြို့နယ်မှ RCSS တပ်သား ၅ ဦးတို့ကို နှစ်ဘက်တပ်ဖွဲ့ အပစ်အခတ်ရပ်စဲပြီး ဆွေးနွေးရရှိခဲ့သည့် သဘောတူညီချက်များကို ရှင်းပြကာ လမ်းခရီးစရိတ်များ ပေးအပ်၍ ပြန်လွှတ်ပေးခဲ့ကြောင်း SSPP တပ်ဖွဲ့၏ ပြန်ကြားရေးဌာန ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း RCSS တပ်ဖွဲ့မှ ဗိုလ်မှူးကြီးအောင်မြ ဦးဆောင်ပြီး နှစ်ဘက်တပ်ဖွဲ့ သဘောတူညီချက်ကို အကောင်အထည် ဖော်သည့်အနေဖြင့် မိုင်းနောင်မြို့တွင် လမ်းကြောင်းစစ်ဆေးစဉ် ဖမ်းဆီးရမိသော SSPP တပ်ဖွဲ့နဲ့ ပတ်သက်ဆက်နွယ်သူ ၂ ဦးကို ၎င်းတို့၏ ကိုယ်ပိုင်ပစ္စည်းများ ပြန်လည်ပေးအပ်ပြီး လွှတ်ပေးခဲ့သည်ဟု RCSS တပ်ဖွဲ့၏ Tai Freedom မီဒီယာက သတင်းထုတ်ပြန်သည်။

စစ်သုံ့ပန်း

RCSS တပ်ဖွဲ့အနေဖြင့် နှစ်ဘက်တပ်ဖွဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မဆွေးနွေးခင် အချိန်ကတည်းက မိုင်းပျဉ်းမြို့တွင် ဖမ်းဆီးရမိခဲ့သည့် SSPP တပ်သား ၃ ဦးကို ကျေးရွာလူကြီးများ ရှေ့မှောက်၌ အသိသက်သေများနှင့်တကွ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ပြန်လွှတ်ပေးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

SSPP တပ်ဖွဲ့နှင့် RCSS တပ်ဖွဲ့တို့ နိုဝင်ဘာလ ၂၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည့် အချက် ၉ ချက်ပါ သဘောတူညီချက်ကို သျှမ်းနှစ်သစ်ကူးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီး နှစ်ဘက်တပ်ဖွဲ့ အနေဖြင့် လက်ရှိတပ်စွဲထားသည့် နေရာတွင်သာ နေထိုင်ပြီး အပြန်အလှန် ထိန်းကျောင်းရန်၊ အပစ်အခတ် ရပ်စဲထားစဉ် ၂ လ တစ်ကြိမ် တွေ့ဆုံဆွေးနွေးရန်နှင့် နှစ်ဘက်တပ်ဖွဲ့စလုံးက အပစ်အခတ် ရပ်စဲခြင်းကို အခွင့်ကောင်းယူ၍ အနိုင်ယူ အမြတ်ထုတ်ခြင်းများ မပြုလုပ်ဘဲ အချင်းချင်း ရိုးသားဖြောင့်မှန်ကြရန် စသည့် အချက်များ ပါဝင်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article