Friday, May 3, 2024

နမ့်ခမ်းမြို့နယ် စစ်ကောင်စီ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်

Must read

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်အတွင်း ယနေ့ (ဒီဇင်ဘာလ ၈ ရက်) နေ့လည်အချိန်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံ စုံစမ်း သိရသည်။

ယနေ့ (ဒီဇင်ဘာလ ၈ ရက်) နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်တွင် နမ့်ခမ်းမြို့နယ် နောင်စန့်ရပ်ကွက် အတွင်း စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် အလေးချိန် ပေါင် ၅၀၀ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း နမ့်ခမ်းမြို့နယ် ‌ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီနေ့ နေ့လယ်ပိုင်းလောက်က စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ အလေးချိန် ပေါင် ၅၀၀ ရှိတဲ့ ဗုံးနဲ့လာကြဲသွားတာ။ နေအိမ်တွေတော့ ထိခိုက်ပျက်စီးသွားတယ်။ တော်သေးလို့ အိမ်နဲ့ နည်းနည်းဝေးတဲ့ နေရာမှာကျတာ။ လူတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး” ဟု ၎င်း‌ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ (ဒီဇင်ဘာလ ၇ ရက်)တွင်လည်း နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ ၅ ရွာအနီးကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၅ ဦး ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ် စစ်ဘေးရှောင်တစ်ဦးက “ စစ်ကောင်စီက ဗုံးလာကြဲတာ အချိန်အခါကို မရှိဘူး။ တချို့ရက်တွေဆို ၂ စင်း၊ ၃ စင်း လာတာလည်းရှိတယ်။ နေ့တိုင်းလိုလို လာနေတာပဲ ကျနော်တို့တွေမှာ တောင် ညဘက်အိပ်ရင် ကြောက်နေရတယ် “ ဟု ၎င်းက ဆိုပြန်သည်။

ထို့အပြင် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်း ၁ ကုန်းအား “ ၁၀၂၇ စစ်ဆင်ရေး “ စတင်ချိန်မှ ညီနောင်မဟာမိတ်သုံးဖော်တို့ ထိုးစစ်ဆင်တိုက်ခိုက်လာရာ ၁ လကျော် ကြာမြင့်ခဲ့သော်လည်း လက်ရှိအချိန်ထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

မြေပြင်စစ်ရေး အင်အားနည်းပါး လာသည့် စစ်ကောင်စီတပ်ဖွဲ့ကလည်း လေယာဉ်ဖြင့် တန်ပြန် ဗုံးကြဲတိုက်ခိုက်နေလျက် ရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article