Friday, May 3, 2024

နမ့်ဖက်ကာတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေး ၁ ဦး အပါအဝင် ၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာအုပ်စုတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေး ၁ ဦး အပါအဝင် ၂ ဦးထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဒီဇင်ဘာ ၆ ရက်) မွန်းလွဲ ၁ နာရီကျော်တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအုပ်စု မန်မိုင်ရွာတွင် စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် အသက် ၁ နှစ်ခွဲအရွယ်ရှိ စိုင်းဇင် ဆိုသူ ကလေးငယ်တစ်ဦးနှင့် အသက် ၃၇ နှစ်အရွယ်ရှိ စိုင်းနော် ဆိုသူ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တစ်လုံး ပျက်စီးသွားကြောင်း နမ့်ဖတ်ကာဒေသခံများက ပြောသည်။

“စိုင်းဇင်ဆိုတဲ့ ကလေးက လက်ထိတယ်၊ စိုင်းနော်က ဗိုက်နဲ့လက်ပြင်ထိတာ။ နမ့်ဖက်ကာဘက်က မန်မောင်ရွာဘက်မှာ လက်နက်ကြီးကျတာ။ ဒီနေ့လယ် ၁ နာရီခွဲလောက်က ဖြစ်တာ။ ကွတ်ခိုင်ဆေးရုံကို ဆေးကုဖို့ ကားခေါ်နေတယ်၊ သူတို့နေတဲ့အိမ်ကတော့ လက်နက်ကြီးမှန်ပြီး ဘေးအိမ်တွေလဲ ထိတယ်”ဟု ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ကွတ်ခိုင်မြို့နယ် ဟိုနောင်ကျေးရွာအုပ်စု တုန်ဆင့်အောက်ကျေးရွာတွင် နိုဝင်ဘာလ ၂၈ ရက် ည ၁၀ နာရီခွဲအချိန်ခန့်က တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးနှင့် ကလေးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောသည်။

“တုံဆင့်အောက်ရွာမှာ တိုက်ပွဲလုံးဝမရှိဘဲနဲ့ အိမ်တွေပေါ်၂၈ ရက်နေ့ည ၁၀ နာရီခွဲလောက်မှာ လက်နက်ကြီးကျည် လာကျတာ။ လက်နက်ကြီးက အိမ်ခေါင်းရင်းမှာ လာကျေတာ့ မိသားစု ၆ ယောက် အိပ်နေတာမှာ အမေနဲ့ သမီးက ပွဲချင်းပြီး သေသွားတယ်။ သူ့ရဲ့သားလေးနဲ့ အဖေကတော့ ဆေးရုံတင်လိုက်ရတယ်။ သူ့အဖေကတော့ လက်ပြတ်ပြီး နောက်ကျောဒဏ်ရာနဲ့ ၂၉ ရက် မနက်မှာ ထပ်ဆုံးသွားတယ်။ မနေ့က ဆုံးသွားတဲ့သူတွေအတွက် အသုဘရှု ဆွမ်းရင်လုပ်ပြီးသွားတယ်”ဟု လက်နက်ကြီး ထိမှန်သေဆုံးသွားသော မိသားစုနှင့် ရင်းနှီးသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့နယ် တုန်ဆင့်အောက်ကျေးရွာတွင် နိုဝင်ဘာလ ၂၈ ရက်နေ့က စစ်ကောင်စီလက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားသူများမှာ ဦးနော်ခမ်း ၄၅ နှစ်၊ ဒေါ်အေးအမ် ၃၂ နှစ်နှင့် အသက် ၇ နှစ်အရွယ်ရှိ ပထမတန်းကျောင်းသူ လွေးအမ်ကြာတို့ဖြစ်ပြီး အသက် ၂ နှစ်အရွယ် မိုင်းအိုက်နွေမှာ နဖူးနှင့်ရင်ဘက် ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ကွတ်ခိုင်မြို့မှ ၎င်းဒေသခံက ဆက်ပြောသည်။

ထို့အပြင် ဒီဇင်ဘာလ ၂ ရက်က နမ့်ဖက်ကာရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် ရပ်ကွက် ၃ မှ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃ လုံး မီးရှို့ဖျက်စီးခံရပြီး လူငယ်တစ်ဦးလည်း ဖမ်းဆီးခံရကြောင်း တအာင်းအမျိုးသမီးအဖွဲ့က ဒီဇင်ဘာလ ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

“၁၀၂၇ စစ်ဆင်ရေး” တစ်လကျော်ကာလအတွင်း ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်မှုကြောင့် အမျိုးသမီး ၅ ဦးနှင့် ကလေး ၄ ဦး အပါအဝင် စုစုပေါင်း ၁၀ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ကွတ်ခိုင်မြို့ဒေသခံများထံမှ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article