Tuesday, January 27, 2026

“ဒီစစ်ပွဲက တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်တစ်ခုထဲက စစ်ပွဲမဟုတ်နေဘူး”

“၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေသော ညီနောင်မဟာမိတ်တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် စစ်ကောင်စီတပ်တို့ကို စစ်ရေးပဋိပက္ခအတွင်း ပြည်သူလူထုအား အကာအကွယ်ပေးရန် သျှမ်းလူထုနှင့် အရပ်ဖက်အဖွဲ့အစည်းများက နိုဝင်ဘာ ၁၁ရက်တွင် ထုတ်ပြန်လာသည်။

သိန္နီမြို့ စစ်ရှောင်

၎င်းထုတ်ပြန်ချက်ထဲတွင် သျှမ်းပြည်အနှံ့အပြားမှ စစ်ရေးပဋိပက္ခများ၊ တရုတ်၏ ပိုးလမ်းမ စီမံကိန်း BRI လမ်းကြောင်းနှင့် ဆက်စပ်သည့် မြို့နယ်များတွင် ဖြစ်ပွားနေသည့် နယ်မြေထိန်းချုပ်မှုဆိုင်ရာ စစ်ပွဲများကြောင့် ဒေသနေ ပြည်သူလူထုများမှာ အသက်အန္တရာယ် ရှိမှုကြောင့် သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့အပြင် လူမျိုးရေးပဋိပက္ခ ဖြစ်စေရန် ဦးတည်၍ စည်းရုံးလှုံ့ဆော်ကြခြင်းနှင့် နိုင်ငံရေး၊ စစ်ရေးအရ မရိုးဖြောင့်မှုများ ပြုလုပ်လာနေသည်ကို တွေ့မြင်နေရခြင်းကြောင့် များစွာ စိုးရိမ်ပူပန်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လက်ရှိ သျှမ်းပြည်မြောက်ပိုင်းတွင် ဖော်ဆောင်နေသည့် “၁၀၂၇ စစ်ဆင်ရေး”နှင့် ပတ်သက်သည့် သဘောထားအမြင်များကို ထုတ်ပြန်ချက်တွင် ပါဝင်ထောက်ခံသည့် အဖွဲ့အစည်း ၂၆ ခု၏ကိုယ်စား နန်းဆွဲ့ခမ်း ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားသည်။

မေး။      ။ သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောပြပေးလို့ရမလား။

ဖြေ။      ။ သဘောထားထုတ်ပြန်ချက်က ဘာကြောင့်ထုတ်ရတုန်းလို့ ပြောရရင် သျှမ်းပြည် မြောက်ပိုင်းမှာ ပဋိပက္ခတွေဖြစ်တာ ပိုပြီး များလာတယ်။ ဒီလိုများလာတဲ့ အချိန်မှာ တော်လှန်ရေးအင်အားစုကော စစ်ကောင်စီရဲ့အင်အားစုကော အပြန်အလှန် ချေမှုန်းကြတာက အဲ့ဒီမှာနေတဲ့ သျှမ်းပြည်သူလူထုကို အများကြီး ထိခိုက်တယ်ဆိုတဲ့အပိုင်းတွေ ရှိတယ်။ 

နောက်ပြီးကျတော့ EAOs တော်လှန်ရေးသမားတွေက လုပ်နေတဲ့အပိုင်းတွေမှာ တွေ့နေရတာက ရည်ရွယ်ချက်ကတစ်မျိုး၊ မြေပြင်မှာ ဖြစ်နေတာကတစ်မျိုး၊ ထုတ်ပြန်ချက်တွေ ကြေညာတာက တစ်မျိုးပေါ့နော်။ အဲ့လိုအနေအထားဖြစ်နေတယ်။ 

အခု ပြည်သူလူထုက အများကြီး ရွှေ့ပြောင်းနေရတယ်။ ရွှေ့ပြောင်းတဲ့အချိန်မှာ ကောင်းကောင်းမွန်မွန် မရွှေ့ပြောင်းရဘူးဆိုတာတွေ ရှိတယ်။ မြို့ထဲ ရွာထဲမှာက လက်နက်ကြီးတွေ ချတယ်။ မြို့ထဲကို တမင်ကြံရွယ်ချက်နဲ့ စစ်လာတိုက်နေကြတယ် ဆိုတဲ့အပိုင်းလေးပေါ့ ။ အဲ့လိုမျိုးလေးတွေ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံမှာကော ပြည်ပမှာကောရှိတဲ့ သျှမ်းပြည်သူလူထုတွေကော၊ ရဟန်းသံဃာတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ ပေါင်းပြီးတော့ စာထုတ်ရခြင်းဖြစ်ပါတယ်။

မေး။      ။ လက်ရှိ သျှမ်းပြည် မြောက်ပိုင်းမှာ သျှမ်းလူထုတွေ အများစုနေထိုင်တဲ့ ဒေသတွေမှာ “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကို ဘာများပြောချင်ပါသလဲ။ 

ဖြေ။      ။ အခုက တကယ်စစ်ဆင်ရေး ထိုးနေတယ်လို့ သူတို့ရဲ့ ထုတ်ပြန်ကြေညာချက် (statement) ထဲမှာ ပြောထားတာဆိုရင် စစ်အာဏာရှင် ဖြုတ်ချရေး၊ နောက်ပြီး တရုတ်ရဲ့ ကျာဖြန့်ဆိုတဲ့ ကိစ္စရပ်ပေါ့နော်။ အဲ့ဒါတွေကို အကြောင်းပြတယ် ဆိုတဲ့အပိုင်း ရှိတယ်။ ဒါပေမယ့် အဲ့ဒီထက် ပိုပြီးတော့ နက်နဲတဲ့ ရည်ရွယ်ချက် ကြံရွယ်ချက်တွေ ရှိတယ် ဆိုတဲ့ဟာကို လက်တွေ့အနေအထားအရ မြင်ရတယ်။ 

TNLA မှ နမ့်ခမ်းမြို့နယ်တရားရုံးများ တိုက်ခိုက်နိုင်ခဲ့

ကျန်တဲ့ တော်လှန်ရေးလုပ်တဲ့ တလျှောက်ကို ဘာမှ မပြောလိုပါဘူး။ ဒါပေမယ့် အခုလက်ရှိမှာ သျှမ်းပြည်သူလူထုတွေ တအားကြီးကို ကြုံတွေ့နေရတဲ့ ဘာအကာအကွယ်မှ မရှိဘဲ နေနေရတဲ့ အချိန်ကာလမှာ လူသားတံတိုင်းလိုမျိုး အသုံးချခံနေရတယ်ဆိုတာမျိုး ဖြစ်နေတယ်။ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို လုံးဝ မလိုက်နာတဲ့ ကဏ္ဍရပ်တွေ ရှိနေတယ်။ အဲ့လိုမျိုး မဖြစ်စေချင်ဘူး။ အခုဆိုရင် စစ်ဘေးရှောင်တွေ သိန္နီမှာ ပိတ်မိနေတာတွေ ရှိတယ်။ တခြားနေရာ ဒေသမှာ ပိတ်မိနေတာ ရှိတယ်။ 

နောက်ပြီးတော့ စစ်ကောင်စီကို မလာနိုင်အောင် အမျိုးမျိုး ဖြတ်တောက်တာတွေရှိတယ်။ ဖြတ်တောက်တာက စစ်ဆင်ရေးအရကတော့ တစ်မျိုးပေါ့နော်။ ဒါပေမယ့် တကယ့်လူနေတဲ့ နေရာဒေသမှာ လုပ်နေတဲ့ ကိစ္စရပ်ကကျတော့ မလုပ်စေချင်ဘူး။ ပြည်သူလူထုကို အကာအကွယ် ပေးစေချင်တယ်။ 

တကယ်တမ်းက တိုက်ပွဲလုပ်တယ်ဆိုရင် နှစ်ဘက်စလုံးက ပြည်သူလူထုတွေနဲ့ ဝေးတဲ့နေရာ၊ မြို့ရွာတွေနဲ့ ဝေးတဲ့နေရာ အဲ့ဒီမှာပဲ သွားပြီးတော့ ပစ်စေချင်တယ်၊ လုပ်စေချင်တယ်။ ပြည်သူလူထုကို နှစ်ဘက်စလုံးက ကြည့်ပေးစေချင်တယ် ဆိုတဲ့အပိုင်းလေးတွေ ရှိပါတယ်။ အဲ့တာလေးတွေ တောင်းဆိုချင်တယ်။

ပြည်သူလူထုကြားမှာ တိုက်ပွဲမဖော်ဆောင်ပါနဲ့။ ပြည်သူလူထုတွေကို အကာအကွယ် ပေးပါ။ အခုဆိုရင် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပံပိုးလုပ်ဆောင်နေတဲ့ အဖွဲ့တွေ လုပ်ရကိုင်ရ အရမ်းခက်နေတယ်၊ သူတို့တွေကိုလဲ အကာအကွယ်ပေးဖို့ လိုအပ်တယ်။ 

နောက်ပြီး မြောက်ပိုင်းမဟာမိတ် အချင်းချင်း ဖြစ်နေတဲ့ ပြဿနာရပ်၊ ပြောရရင် နယ်မြေလုတဲ့ ပြဿနာမျိုးလဲ မဖြစ်စေချင်ဘူး။ နဂိုကတည်းက သူ့နေရာ ကိုယ့်နေရာ ဆိုတဲ့ဟာက ရှိနေပြီးသား ဖြစ်တယ်။ မြောက်ပိုင်းမဟာမိတ်ကလည်း အချင်းချင်းက ဟိုယခင်ကတည်းက သွေးစည်းခဲ့တဲ့ မဟာမိတ်တွေ ဖြစ်တယ်။ အဲ့လိုမျိုး အချင်းချင်း ပဋိပက္ခဖြစ်စေတဲ့ ကဏ္ဍမှာ သျှမ်းပြည်သူလူထုကို အမျိုးမျိုး တွေးထင်စေတယ် ဆိုတဲ့အပိုင်းလေး ဖြစ်နေတယ်၊ ဒါကို မလုပ်စေချင်ပါဘူး။

မေး။      ။ လက်ရှိ တိုက်ပွဲဖော်ဆောင်နေတဲ့ သျှမ်းမြောက်ဒေသတလျှောက်က မန္တလေး-မူဆယ် နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးနယ်စပ်တွေ ဦးတည်ပြီး ဖြစ်နေတယ်။ ဒီလမ်းကြောတလျှောက်မှာ တိုက်ပွဲဖော်ဆောင်နေတာက တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်း  BRI နဲ့ကော ဆက်စပ်နိုင်မလား။

BRI လမ်းကြောင်း

ဖြေ။      ။ မြေပြင်မှာနေတဲ့ ပြည်သူလူထုက ဒါကတော့ နံပါတ်တစ် ပေါ့နော်။ စာထဲမှာ ထုတ်ပြန်ကြေညာချက်တွေမှာ ဘယ်လိုပဲ ရေးနေ ရေးနေပါစေ၊ နိုင်ငံရေးအရကော စစ်ရေးအရကော ဘယ်လိုပဲ ပြောနေပါစေ သူတို့နောက်ကွယ်က အကျိုးစီးပွား ကြီးကြီးမားမားတွေ ရှိတယ်ဆိုတာကို မြင်သာနိုင်တယ်။ အဲ့ဒီအကျိုးစီးပွား ကြီးကြီးမားမားထဲက တစ်ခုကို ထောက်ပြပါဆိုရင် ပိုးလမ်းမစီမံကိန်း  BRI ကိစ္စ က နံပါတ်တစ်လောက် ဖြစ်နိုင်တယ်ပေါ့။ 

ဒီ BRI ကနေ ရလာမယ့် အကျိုးအမြတ်အတွက်ရယ်၊ ဒီ BRI လာမယ့် လမ်းကြောတလျှောက်မှာ အဲ့ဒီနေရာ တလျှောက်မှာရှိတဲ့ လက်နက်ကိုင် EAOs အဖွဲ့တွေပဲဖြစ်ဖြစ်၊ တခြားတော်လှန်ရေး အဖွဲ့အစည်းပဲဖြစ်ဖြစ် BRI နဲ့ ဆက်စပ်ပြီး အကျိုးစီးပွားတွေ အများကြီး ရမယ်ပေါ့။ အဲ့ဒီအတွက်ကြောင့် အခုကတည်းက နယ်မြေကို ကြိုတင်ပြင်ဆင်ပြီးတော့ နယ်မြေချဲ့ထွင်ခြင်း ဖြစ်တယ်လို့ ပြည်သူလူထုအများစုက အဲ့လိုပဲ ယူဆကြပါတယ်။ 

လားရှိုးမြို့နယ် စစ်ရှောင်

မေး။      ။ လက်ရှိတိုက်ပွဲ အခြေအနေအတွင်းမှာ မြင်နေရတာက သျှမ်းပြည်တွင်းက လူမျိုးစုတွေကို စစ်ကောင်စီကလည်း လူမျိုးရေး ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်နေတဲ့ အပေါ်မှာ ဘယ်လိုအမြင်ရှိလဲ။

ဖြေ။      ။ စစ်ကောင်စီကတော့ လူထုတွေ ကြားထဲမှာ သွေးထိုးလှုံ့ဆော်တယ်ဆိုတာက ခုကတည်းက မဟုတ်ဘူးလေ၊ သူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းကိုက သွေးထိုးလှုံ့ဆော်ခဲ့တာတွေသည် စစ်ကောင်စီ အဆက်ဆက်က လွတ်လပ်ရေး ရပြီးတဲ့ နောက်ပိုင်းမှာ ဖြစ်ခဲ့တယ်။ 

ပိုပြီးတော့ ကြီးကြီးမားမား ဖြစ်ပေါ်လာတဲ့ ပဋိပက္ခက ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ စစ်ရေး ပဋိပက္ခကော၊ လူမျိုးရေး ပဋိပက္ခကော ပိုပြီးတော့ ဖြစ်လာတာတွေ့တယ်။ နောက်ပြီး အဲ့လိုမျိုးဖြစ်အောင်လည်း ကြိုတင်ကြံစည်တာကော၊ တမင်မဖြစ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်တာတွေကော တွေ့ရတယ်။ ဆိုရှယ်မီဒီယာမှာကော၊ ပင်မမီဒီယာတွေထဲမှာကော အဲ့လိုမျိုး ကြံဆောင်လာတာတွေ တွေ့ရတယ်။ 

အရင်တုန်းကတော့ စစ်ကောင်စီကလုပ်တယ် ဆိုတဲ့အပိုင်းပဲ ရှိတယ်။ ဒါပေမယ့် အခုအနေအထားကို ကြည့်လိုက်ရင် စစ်ကောင်စီတင်မကဘဲ သျှမ်းပြည်ရဲ့ သျှမ်းစည်းလုံးညီညွတ်မှုကော၊ သျှမ်းပြည်နေ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုတွေကော ပျက်အောင်ဆိုပြီးတော့ ပြောရရင် မသိမမြင်နိုင်သော လူတွေက ကြံဆောင်နေတယ်။ ဗျူဟာချပြီးတော့ လူမျိုးရေး ပဋိပက္ခဖြစ်အောင် လုပ်ကို လုပ်နေတယ်ဆိုတာ တွေ့မြင်နေရတယ်။ 

ဒါကို ပြည်သူလူထုကြားထဲမှာကော၊ လူမျိုးစုတိုင်းရင်းသားတွေကော၊ လက်နက်ကိုင် EAOs အဖွဲ့တွေကော ယခင်ကထက် ပိုသတိထားပြီးတော့ ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်။

မေး။      ။ လက်ရှိတိုက်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ ပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေက ညီနောင်မဟာမိတ်တွေ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ထားတာကြောင့် ရောက်ရှိနိုင်ဖို့ ခက်ခဲနေတယ်။ အဲ့အပေါ်မှာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကို ဘယ်လိုမျိုး တောင်းဆိုချင်ပါသလဲ။

ဖြေ။      ။ နိုင်ငံတကာ အဖွဲ့အစည်းတွေကော၊ သံရုံးတွေကော၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ NGO INGO တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက ဒီစစ်ပွဲကို အာရုံစိုက်စေချင်တယ်။ ဒီစစ်ပွဲက တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်တစ်ခုထဲက စစ်ပွဲမဟုတ်နေဘူး ဆိုတာကို သူတို့ကိုယ်တိုင်လဲ သိနေမှာဖြစ်တယ်။ သိနေတာကို လက်ပိုက်ကြည့်မနေသင့်ဘူး။ အဲ့တာကို စောင့်ကြည့်လေ့လာပြီးတော့ ဒါက ပြန်ပြီးထိန်းညှိပေးရမယ့် အပိုင်းလဲ ပြောချင်တယ်။ 

နောက်ပြီးတော့ EAOs တွေကော မြန်မာနိုင်ငံတစ်ခုလုံးမှာ တော်လှန်ရေးလုပ်နေတဲ့ ပုဂ္ဂိုလ်တွေကော ပြောချင်တာက မြန်မာနိုင်ငံမှာ ထိလွယ်ရှလွယ် အခြေအနေ ဖြစ်နေတဲ့အပိုင်းမှာလည်း နိုင်ငံတကာကကော အိမ်နီးချင်းနိုင်ငံတွေကကော သူတို့ကလွှမ်းမိုးမှုကို ရချင်တယ်။ ပြောရရင် အသုံးချရင်လဲ ချလို့ရသလို အသုံးချချင်တဲ့ အပိုင်းလေးတွေလဲ ရှိမယ်။ အဲ့ဒီဟာကို သတိ ဝိရိယလေး ထားစေချင်တယ်။ ပြည်သူလူထုကို မထိခိုက်အောင်လဲ လုပ်စေချင်တယ်။ အခုက တအားကြီးကို စိုးရိမ်နေရတဲ့ အနေအထားဖြစ်တယ်။ 

အခုကတော့ တားဂတ် ပစ်မှတ်က သျှမ်းပြည်ဖြစ်နေတယ်။ တားဂတ်က သျှမ်းပြည်ဖြစ်နေတယ် ဆိုပေမဲ့ တကယ်တမ်းခြုံပြီး ကြည့်မယ်ဆိုရင် သျှမ်းပြည်တင်မဟုတ်ဘဲ ဘယ်လောက်အတိုင်းအတာထိ ရှိတယ်ဆိုတာကို ဖော်ဆောင်နေတဲ့ လူတွေကော၊ နိုင်ငံရေးကို လေ့လာနေတဲ့ လူတွေကော နားလည်မှာပါ၊ ပြည်သူလူထု တစ်ဦးတစ်ယောက်ကိုမှ မထိခိုက်စေချင်ဘူး၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကလဲ သတိထား စောင့်ကြည့်ပြီးတော့ ကူညီထောက်ပံ့ပေးစေချင်တယ်။

မေး။      ။ နိုဝင်ဘာ ၈ ရက်က စစ်ကောင်စီက ကာလုံအစည်းအဝေး ခေါ်ယူပြီးတော့ ညီ‌နောင်မဟာမိတ်တွေကို ပြန်လည်ချေမှုန်းမယ်လို့ ပြောဆိုလာတဲ့အပေါ်မှာ ပြည်သူလူထုတွေအတွက် ဘယ်လို စိုးရိမ်မှုရှိလဲ။

ဖြေ။      ။ ပြောရရင် ဘယ်ဘက်ကပဲလုပ်လုပ် အဆင်မပြေဘူး။ စစ်ကောင်စီကပဲ ချေမှုန်းတာပဲဖြစ်ဖြစ်၊ တော်လှန်းရေးအဖွဲ့တွေနဲ့ EAOs တွေဘက်က လုပ်တာပဲဖြစ်ဖြစ်ပေါ့။ အခုလုပ်နေတဲ့ စစ်ဆင်ရေးဆိုတာသည် ဘယ်လိုမျိုးပဲဖြစ်ဖြစ် ပြည်သူလူထုကို အများကြီး ထိခိုက်စေတယ်။ အချင်းချင်း စကားပြောဖို့ဆိုတဲ့ လမ်းကြောင်းလဲ မတွေ့ရဘူး။ ရှေ့ဆက်ညှိနှိုင်းရေးတို့၊ သူတို့ရင်ဘတ်ချင်းဖွင့်ပြီးတော့ တွေ့ဆုံဆွေးနွေးရေး ဆိုတာက လုံးဝ မတွေ့ရ မကြားရဘဲနဲ့ လုံးဝ သူသေကိုယ်သေ ချမယ်ဆိုပြီး လုပ်နေတဲ့ကိစ္စရပ်ကျတော့ တစ်နိုင်ငံလုံးကို ဒုက္ခပေးရာရောက်တယ်။ တစ်နိုင်ငံလုံးကလဲ ထိခိုက်နစ်နာနေတယ်။ 

မေး။      ။ “၁၀၂၇ စစ်ဆင်ရေး”မှာ သျှမ်းလက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်တိုက်ခိုက်နေတာမျိုး မရှိဘူး။ အကယ်၍ သူတို့ပါဝင်လာရင် ဘယ်လိုပုံစံမျိုး ဖြစ်လာနိုင်မလဲ။

ဖြေ။      ။ အခု သျှမ်းတပ်ဖွဲ့တွေရဲ့ အနေအထားကို ကြည့်ရတာက တော်တော်လေး Dead Lock ကျဉ်းထဲကျပ်ထဲကို ရောက်နေတယ်လို့ တွေ့ရတယ်။ ကြည့်ရရင် RCSS ကော SSPP ကော တစ်ဘက်မှ လှုပ်လို့မရဘူးဆိုတဲ့ အနေအထားရယ်၊ သူများရဲ့ ဗျူဟာအကွက်ထဲကို ရောက်နေတယ် ဆိုတဲ့အပိုင်းဖြစ်တယ်။ သူတို့အတွက်က တိုက်ရင်လဲ မထူး၊ မတိုက်ရင်လဲ မထူးဘူးဆိုတာမျိုး ဖြစ်နေတယ်။ တိုက်သည်ဖြစ်စေ၊ မတိုက်သည်ဖြစ်စေ ချေမှုန်းခံရမှာပဲ ဆိုတာမျိုး တွေ့ရတယ်။

ကျမတစ်ယောက်ထဲ အမြင်အရဆိုရင် သျှမ်းလက်နက်ကိုင်တွေကော၊ သျှမ်းနိုင်ငံရေး ပါတီတွေကော၊ သျှမ်းပြည်သူတွေကော အကုန်လုံးက Dead Lock ကျဉ်းထဲကျပ်ထဲ ရောက်နေတယ်။  အကုန်လုံးရဲ့ ကြားထဲမှာ ခံနေရပြီးတော့ အားလုံးရဲ့ ပစ်မှတ် – စစ်ကောင်စီရဲ့တားဂတ်၊ တခြားသော လက်နက်ကိုင် EAOs တွေရဲ့တားဂတ်၊ တခြားသော တော်လှန်ရေးသမားတွေနဲ့ တခြားသော အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ တားဂတ်တွေက သျှမ်းတွေရဲ့ အပေါ်မှာ ပုံပြီးတော့ ကျနေတယ်။ အဲ့ဒီမှာ သျှမ်းတွေကလည်း ဒါတွေကို ဖြေရှင်းနိုင်တဲ့ အစွမ်းလဲ သိပ်ပြီးတော့ မတွေ့ရဘူး။

မေး။      ။ အပေါ်က မေးခွန်းတွေအပြင် ထပ်ပြီးတော့ ဖြည့်ပြောချင်တာ ရှိပါသလား။

ဖြေ။      ။ ထပ်ဖြည့်ပြောရရင် လက်ရှိအချိန်ကာလမှာ သျှမ်းတွေက အဘက်ဘက်ရဲ့ အာရုံစိုက်ခြင်းနဲ့ ချေမှုန်းခြင်းကို ခံနေရတယ် ဆိုတဲ့ဟာတွေ ရှိတယ်။ ဒါက အခုမှ ထွက်ပေါ်လာတဲ့ ဗျူဟာနဲ့ စစ်ဆင်ရေးတွေ မဟုတ်ဘူး။ နဂိုကတည်းက နှစ်ပေါင်းများစွာ ကြိုတင်ကြံစည်ပြီး လုပ်တားတာ၊ အင်အားတွေ စွမ်းရည်တွေပြည့်အောင် လုပ်ထားတာတွေ ဖြစ်တယ်။ ဒါကို ခုခံနိုင်ဖို့ဆိုတာ သျှမ်းတွေအနေနဲ့ဆိုရင် တော်တော်လေး မလွယ်တဲ့ ကိစ္စရပ်တွေ ဖြစ်တယ်။ 

အဲ့တော့ နံပါတ်တစ်အနေနဲ့ သျှမ်းတွေ အချင်းချင်း စည်းလုံးဖို့လိုအပ်တယ်။ အချင်းချင်း ကူညီဖို့ လိုအပ်တယ်။ နောက်ပြီးတော့ နဂိုတုန်းက အချင်းချင်း ခြေထိုးခဲ့ကြတဲ့ ကိစ္စတွေ၊ အချင်းချင်း မယုံကြည်အောင် လုပ်ခဲ့ကြတဲ့ ကိစ္စရပ်တွေ အဲ့ဒီဟာတွေကို သင်ပုန်းချေခဲ့ကြပြီးတော့ အမြန်စည်းလုံးပြီး ကိုယ့်နေရာ ကိုယ့်ဒေသ ကိုယ့်လူမျိုး အဲ့တာတွေကို ကာကွယ်ဖို့ လိုအပ်နေပြီ။ အတ္တ မာနတွေအကုန်လုံး ချထားဖို့ လိုအပ်နေပြီ၊ ဒါဟာ အရေးပေါ်အခြေအနေ ဖြစ်နေပြီဆိုတာကို လူတိုင်းသိပြီး လူတိုင်းနှိုးထလာဖို့ သင့်ပြီ။

မေး။      ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ။

ဖြေ။      ။ ဟုတ်ကဲ့၊ ကျေးဇူးပါ ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...