Sunday, May 5, 2024

လားရှိုးမြို့နယ် နေအိမ်ပေါ် လက်နက်ကြီး ကျပေါက်ကွဲ ပျက်စီး

Must read

သျှမ်းပြည် လားရှိုးမြို့နယ် ကုန်းသာကျေးရွာအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ( နိုဝင်ဘာလ ၅ ရက် ) ညပိုင်း ၈ နာရီဝန်းကျင် လားရှိုးမြို့အတွင်း လက်နက်ကြီး ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် မိနစ်ပိုင်းအကြာတွင် ကုန်းသာကျေးရွာ နှင့် ပန်စုံရွာအတွင်းသို့ ကျရောက်ပေါက်ကွဲသွားပြီး နေအိမ်တစ်လုံးထိခိုက် ပျက်စီးသွားခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

Photo- Credit ( လက်နက်ကြီးကျရောက် ပေါက်ကွဲသည့် နေအိမ်)

“ မနေ့က လက်နက်သံ ကြားကြားချင်း အဲ့အိမ်ပိုင်ရှင်က ထွက်ပြေးတိမ်းရှောင်သွားလို့ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူး။ သူထွက်ပြေးသွားတာ မကြာလိုက်ဘူး၊ သူ့တို့ အိမ်အနားမှာ လက်နက်ကြီး ကျတာပဲ။ ပျက်စီးသွားတာတော့ အိမ်ခေါင်မိုး တချို့ရယ်၊ မီးဖိုချောင်နဲ့ တဲတွေ ပျက်သွားတယ်။ ပန်စုံရွာမှာလည်း လက်နက်ကြီး တစ်လုံးကျတယ်။ ထိခိုက် ပျက်စီးမှုတော့မရှိဘူး“ ဟု ၎င်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ လက်နက်ကြီးသည် လားရှိုးမြို့ဘက်မှ ထွက်ပေါ်လာသဖြင့် စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ( နိုဝင်ဘာလ ၄ ရက် ) တွင်လည်း လားရှိုးမြို့နယ် စစ်ကောင်စီ ၄၁ တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ပန်ဟုန်းအုပ်စု ဟွေလော့ကျေးရွာမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။

အောက်တိုဘာလ ၂၇ ရက်မှစ၍ “၁၀၂၇ စစ်ဆင်ရေး “ ခေါင်းစဉ်ဖြင့် စတင်လာသည့် ရက်သတ္တပတ် ၁ ပတ်ကျော်ကာလအတွင်း တိုက်ပွဲကြား လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား ၁၇ ဦးထိ သေဆုံးခဲ့ရပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article