Thursday, May 9, 2024

နမ့်ခမ်းမြို့အဝင် စစ်ဆေးရေးဂိတ်ကို TNLA ဝင်တိုက်သိမ်းပိုက်၊ ဂိတ်စောင့် တပ်သား ထွက်ပြေး

Must read

သျှမ်းပြည် နမ့်ခမ်းမြို့နယ် မန်ခမ်းရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သဖြင့် စစ်ဆေးရေး အစောင့်တပ်သား ထွက်ပြေးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

နမ့်ခမ်းမြို့

ယမန်နေ့ (အောက်တိုဘာလ ၃၁ ရက်) ညပိုင်း ၇ နာရီခွဲအချိန်တွင် နမ့်ခမ်းမြို့နယ် မန်ခမ်းရွာရှိ (နမ့်ခမ်းမြို့ဝင်ဂိတ်) စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့က ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ဖက်တပ်ဖွဲ့အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ဆေးရေး အစောင့်တပ်သား ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ မနေ့ည ၇ နာရီခွဲလောက်က ပစ်ခတ်သံတွေကြားရတာ။ မန်ခမ်းရွာနဲ့ စယ်ဟိုင်းရွာကြားမှာ။ ဒီနေ့ မနက်ရောက်တော့ မန်ခမ်းရွာမှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က အစောင့်တပ်သားတွေ တစ်ယောက်မှ မရှိတော့ဘူး။ မနေ့ညက TNLA ဝင်တိုက်လို့ ထွက်ပြေးသွားပုံရတယ် “ ဟု ၎င်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ နမ့်ခမ်းမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရေးစောင့် တပ်သားများ မရှိတော့ဘဲ စစ်ဆေးရေးဂိတ်သာ ကျန်ရှိတော့သည်ဟု ကိုယ်တိုင်သွားရောက်ကြည့်ရှူသူ ဒေသခံတစ်ဦးက ဆိုသည်။

ထို့အပြင် သျှမ်းမြောက် “ ၁၀၂၇ စစ်ဆင်ရေး “ ၅ ရက်သာကာလအတွင်း နမ့်ခမ်းမြို့နယ် စစ်ကောင်စီ၏ ကံတော်တောင်စခန်း အပါအဝင် တပ်မဟာ (၁) မူဆယ်မြို့နယ် (၁၀၅) မိုင်ရှိ စစ်ကောင်စီနှင့် ပူးပေါင်း ပ.သ.စ တပ်စခန်း (၄၅၆၁) ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA ရဲ့ သတင်းနှင့် ပြန်ကြားရေးတွင် ထုတ်ပြန်ထားသည်။

အလားတူ လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီ၏ မိုင်းပါးတပ်စခန်းနှင့် တပ်မဟာ (၁) စစ်ဒေသ နမ့်ခမ်းမြို့နယ် စစ်ကောင်စီရဲ့ ဟတ်ယိုင် (ဟဲယိုင်) တပ်စခန်းကိုလည်း သိမ်းနိုင်ခဲ့သည်ဟု ရေးသားဖော်ပြထားသည်။

Leave a Comments

- Advertisement -spot_img

Latest article