စာဖတ်ခြင်းအလေ့အထ

ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။

သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။

တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ် ရင့်သန်စေရန်ဟူသော ရည်ရွယ်ချက် (၂) မျိုးဖြင့် ဖတ်ရှုကြခြင်း ဖြစ်သည်။

ပညာဗဟုသုတ ကင်းမဲ့နေပါက ကျနော်တို့၏ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင် တိုးတက်ရန် ခဲယဉ်းသကဲ့သို့၊ အတွေးအခေါ် ရင့်သန်ခြင်း မရှိပါကလည်း လူ့လောကတွင် အဓိပ္ပာယ်ရှိရှိ ရှင်သန်ရန် ခက်ခဲပေလိမ့်မည်။

ထို့ကြောင့် လိမ္မာရေးခြားရှိပြီး ဗဟုသုတ ကြွယ်ဝစေရန်အတွက် စာဖတ်ခြင်း အလေ့အထသည် အလွန်အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည်။

ယခုခေတ်တွင် စာပေအမြောက်အမြား ထွက်ပေါ်နေသော်လည်း မြန်မာနိုင်ငံတွင် အထူးသဖြင့် သျှမ်းလူငယ်များ အကြား စာဖတ်သည့် အလေ့အထ အားနည်းနေသည်ကို တွေ့ရသည်။

ထိုအားနည်းနေသူများထဲတွင် ကျနော်ကိုယ်တိုင်လည်း အပါအဝင် ဖြစ်နေခဲ့သည်။

SEAsia (South East Asia Stats) ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံသားတစ်ဦးသည် တစ်နှစ်လျှင် ပျမ်းမျှ စာအုပ် ၃ အုပ်ခန့်သာ ဖတ်ရှုနိုင်တော့ကြောင်း သိရသည်။

ထိုသို့ စာဖတ်အား သိသိသာသာ ကျဆင်းသွားရခြင်းမှာ ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲများနောက်ပိုင်း စာအုပ်ထုတ်ဝေမှု ကျဆင်းသွားခြင်း၊ စက္ကူဈေးနှုန်း မြင့်မားလာခြင်းနှင့် TikTok, Facebook ကဲ့သို့သော လူမှုကွန်ရက်များ၏ လွှမ်းမိုးမှုကြောင့် ဖြစ်သည်ဟု သုတေသနများက ဆိုသည်။

မျက်မှောက်ခေတ်တွင် စာဖတ်အား ကျဆင်းလာခြင်းကို သာမန်ဝါသနာတစ်ခု ပျောက်ဆုံးခြင်းထက် နက်နက်နဲနဲ ဖတ်ရှုနိုင်စွမ်းကျဆင်းလာသည့် အန္တရာယ်ဟု သဘောထားရမည်။

၎င်းမှာ စာသားတခုကို ရိုးရိုးရှင်းရှင်း ဖတ်ရုံတင်မကဘဲ အချက်အလက်များကို ဝေဖန်ပိုင်းခြား တွေးခေါ်မှု၊ ကိုယ်ချင်းစာနာစိတ် ဖြစ်ပေါ်မှုနှင့် အသိပညာ ချိတ်ဆက်မှုတို့ကို ဆိုလိုသည်။

ထိုစွမ်းရည် ကျဆင်းလာပါက ရှုပ်ထွေးသော ပြဿနာများကို နားလည်ရန် ခက်ခဲလာခြင်းနှင့် အချက်အလက်အမှား များကို အလွယ်တကူ ယုံကြည်မိခြင်းတို့ ဖြစ်ပွားနိုင်သည်။

ယနေ့ခေတ် လူမှုကွန်ရက်များသည် လူငယ်များ၏ ဦးနှောက်ကို တိုတောင်းပြီး လျင်မြန်သော ဖျော်ဖြေမှုများ အပေါ်၌သာ အသားကျစေရန် လေ့ကျင့်ပေးနေသည်။ Short-form content များ လွှမ်းမိုးမှုကြောင့် လူငယ်တို့၏ ဘက်စုံတွေးခေါ်နိုင်စွမ်းတို့တွင် အကန့်အသတ်များ ဖြစ်ပေါ်လာစေသည်။

ထို့အပြင် စာအုပ်ဈေးနှုန်း မြင့်မားလာခြင်းသည်လည်း အခြေခံလူတန်းစားနှင့် လူငယ်များကြားတွင် အသိပညာ ဆင်းရဲနွမ်းပါးမှုကို ပိုမိုဆိုးရွားစေသည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်။

အထူးသဖြင့် သျှမ်းလူငယ်များအပါအဝင် တိုင်းရင်းသား လူငယ်များအဖို့ စာဖတ်ခြင်းသည် မိမိတို့၏ အမျိုးသားရေးလက္ခဏာကို ထိန်းသိမ်းရုံသာမက ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သော အသိပညာအရင်းအနှီးကို တည်ဆောက်ခြင်းလည်း ဖြစ်သည်။

ခေတ်သစ် ကမ္ဘာ့နိုင်ငံရေးနှင့် ဒေသတွင်း ပထဝီနိုင်ငံရေး အခင်းအကျင်းများကို နားလည်ရန်မှာ Facebook ပေါ်မှ အချက်အလက်အကွဲအပြားများဖြင့် မလုံလောက်ပေ။ စနစ်တကျ ပြုစုထားသော စာအုပ်စာတမ်းများကို လေ့လာခြင်းဖြင့်သာ ခိုင်မာသော အမြင်နှင့် မဟာဗျူဟာမြောက် တွေးခေါ်မှုများ ရရှိနိုင်မည် ဖြစ်သည်။

စာဖတ်ရန် အချိန်နှင့် ငွေကြေး အကန့်အသတ်ရှိနေသော ယနေ့ခေတ်တွင် ကျနော်တို့သည် စာအုပ်ပေါင်းများစွာကို အပေါ်ယံဖတ်နေမည့်အစား အုပ်ရေနည်းနည်းကို ကျေညက်အောင် ဖတ်သည့် စာနာနာဖတ်သည့် အလေ့အထကို ပျိုးထောင်သင့်သည်။

ထိုသို့ ဖတ်ရှုနိုင်ရန် ကျနော် သုံးစွဲလေ့ရှိသော “၃ ခေါက်ဖတ်” နည်းလမ်းကို မျှဝေချင်ပါသည်။

၁။ ပထမတစ်ကြိမ် (နားလည်အောင်ဖတ်) – ဘာမှမတွေးဘဲ စိတ်ကိုဖွင့်ထားပါ။ စာရေးသူ၏ ဆိုလိုရင်းကိုသာ အာရုံစိုက်ပြီး နားလည်အောင် ဖတ်ပါ။

၂။ ဒုတိယတစ်ကြိမ် (ဝေဖန်ဆွေးနွေးဖတ်) – စာရေးသူနှင့် ပြန်လည် ငြင်းခုံဆွေးနွေးသည့် ပုံစံဖြင့် ဖတ်ပါ။ မိမိ၏ အတွေ့အကြုံနှင့် နှိုင်းယှဉ်ပါ၊ မေးခွန်းထုတ်ပါ။ ထိုအဆင့်သည် စာရေးသူ၏ လွှမ်းမိုးမှုအောက် လုံးလုံး မကျရောက်စေရန်နှင့် ကိုယ်ပိုင်တွေးခေါ်မှု ရှိစေရန် ဖြစ်သည်။

၃။ တတိယတစ်ကြိမ် (အသုံးပြုရန်ဖတ်) – ဒီစာအုပ်ထဲက ဘယ်အချက်တွေကို ငါ့ဘဝမှာ လက်တွေ့အသုံးချမလဲဆိုတာကို ရွေးထုတ်ပြီး မှတ်စုယူပါ။
စာအုပ်ဆယ်အုပ်ကို အပေါ်ယံပြီးရုံ ဖတ်ခြင်းထက် တစ်အုပ်တည်းကို ထိုနည်းလမ်းဖြင့် ကျေညက်အောင် ဖတ်ခြင်းက အတွေးအခေါ်ကို ပိုမိုရင့်သန်စေပါသည်။

စာဖတ်ခြင်းသည် စာမျက်နှာများကို လှန်ရုံမျှသာမဟုတ်ဘဲ ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းကို တည်ဆောက်ရန်အတွက် လိုအပ်သည့် အသိဉာဏ်ဆိုင်ရာ အဆောက်အအုံကို တည်ဆောက်ခြင်း ဖြစ်သည်။

ကျနော်တို့သည် နည်းပညာကို ငြင်းပယ်ရန် မလိုသော်လည်း နည်းပညာ၏ ကျွန်မဖြစ်စေရန် မိမိကိုယ်ကို စည်းကမ်းစနစ်ဖြင့် ထိန်းကျောင်းရပါမည်။ ပတ်ဝန်းကျင် အခြေအနေအရပ်ရပ်ကြောင့် စာဖတ်ရန် ခက်ခဲနေပါစေဦးတော့၊ ထိုအခက်အခဲကို ကျော်လွှားပြီး စာပြန်ဖတ်ကြရန် လိုအပ်သည်။

ဒါမှသာ စာအုပ်စာပေများသည် လူငယ်များ၏ အမှောင်ဖုံးနေသော အနာဂတ်ကို အလင်းပြပေးနိုင်မည့် အလင်းတန်းများ ဖြစ်လာပေလိမ့်မည်။

ဇေယံ ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါကျေးလက်တချို့တွင် မဲဆန္ဒရှင်များ Social Distancing မလုပ်နိုင်

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ကျေးလက်တချို့ ရှိ မဲရုံများ ၌ မဲဆန္ဒရှင်ကျေးလက်လူထု ပြည့်ကျပ်တို၀ှေ့ကာ  ၃ ပေ ၆ပေအကွာ မခြားနိုင်ခဲ့ကြကြောင်းသိရသည်။ သီပေါမြို့နယ် နားမခေါ်အုပ်စုရှိ နားမခေါ်ရွာ မဲရုံ ၁၀၁၊ ၁၀၂ နှင့် နမ့်လန် ကောင်းလန်းရွာ မဲရုံအမှတ် ၇ တို့တွင် မဲဆန္ဒရှင်များ...