Thursday, May 2, 2024

စစ်ကောင်စီ ဖမ်းဆီးသွားသည့် ပင်းတယမြို့နယ် အမျိုးသမီး ကိုယ်ဝန်ပျက်ကျ

Must read

သျှမ်းပြည် တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ် နေထိုင်သည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ လာရောက် ရှာဖွေစဥ် မတွေ့သဖြင့် ၎င်း၏ အမျိုးသမီးကို ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဥ်မှာ စက်တင်ဘာလ ၂၉ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် ပင်းတယမြို့နယ်၊ ဆင်ခေါင်းရပ်ကွက်ရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့မှ အလုံးအရင်း ဝင်ရောက်လာပြီး အိမ်ရှင်အမျိုးသားကို လာရောက် ရှာဖွေစဥ် မတွေ့သဖြင့် အိမ်ထဲတွင် နေထိုင်သည့် ၎င်း၏ အမျိုးသမီးကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီမှ ဖမ်းဆီးသွားသည့် အမျိုးသမီးသည် အသက် ၂၃ နှစ်အရွယ်သာရှိပြီး ကိုယ်ဝန် (၃) လကျော် လွယ်ထားရသူ ဖြစ်သည်။

“သူတို့ (စစ်ကောင်စီ) လာဖမ်းချိန်တုန်းက အင်အား ၁၀ ယောက်လောက်ရှိမယ်။ အဲ့မှာ အမျိုးသမီး တစ်ဦးတည်းရှိချိန်မှာ သူ့အမျိုးသားကို ရှာမတွေ့လို့ သူ့ကို ဖမ်းသွားတာ။အဲ့မှာ ပင်းတယမြို့မှ ရွာငံ သွားချိန်မှာ သွေးဆင်းပြီး၊ ရွာငံဆေးရုံကို ပို့လိုက်တယ်” ဟု ဖြစ်စဥ်ကို သိရှိသည့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ကိုယ်ဝန်သည်အမျိုးသမီးကို ဖမ်းသွားပြီး လမ်းတဝက်တွင် သွေးဆင်းလာသဖြင့် ရွာငံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ကိုယ်ဝန်ပျက်ကျသည်ဟုဆိုပြီး ရွာငံပြည်သူ့ဆေးရုံတွင် တစ်ညအိပ်ခဲ့ရကြောင်း ၎င်းက ဆိုပြန်သည်။

“ကိုယ်ဝန်က အရမ်းနုတာလည်း ပါတယ်။ ပြီးတော့ စစ်သားတွေချည်းရှိတဲ့ အိမ်စီး ကားထဲမှာ အမျိုးသမီးက သူတစ်ယောက်တည်းလေ၊ အဲ့တာတွေလန့်ပြီး ကိုယ်ဝန်ပျက်တာလည်း ဖြစ်နိုင်တယ်၊ စကစက သူ့ကို ရွာငံဆေးရုံမှာ တစ်ညအိပ်ခိုင်းတယ်၊ နောက်တစ်နေ့မှာ ပင်းတယကို ပြန်ပို့ပေးပြီး အခုထိ ပင်းတယဆေးရုံမှာ ဆေးကုသနေတုန်းပဲ” ဟု ဖြစ်စဥ်ကို သိရှိသူ တစ်ဦးက ထပ်လောင်း ပြောသည်။

လက်ရှိမှာ ရွာငံ ပြည်သူ့ဆေးရုံမှ ပင်းတယမြို့ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article