သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ အခြေစိုက် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးတစ်လုံးကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။
.
ယနေ့ (စက်တင်ဘာ ၁) ရက် နေ့လည် ၂ နာရီခွဲတွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ အခြေစိုက် စစ်ကောင်စီ၏ တပ်ရင်း အမှတ် (၁၂၃) တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီး တစ်လုံးသည် နမ့်ဖတ်ကာရှိ ဇီးတဘန်ရပ်ကွက် (၁) ကားလမ်းမပေါ်၌ ကျပေါက်ကွဲခဲ့ပြီး အရပ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နမ့်ဖတ်ကာ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ ရပ်ကွက် ၁ ကားလမ်းပေါ်မှာ လက်နက်ကြီးကျလို့ ၃ ယောက် ထိခိုက်ဒဏ်ရာ ရတယ်။ တစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ အခု ထိခိုက်ဒဏ်ရာရတဲ့ ၃ ယောက်ကိုတော့ ဆေးရုံပို့ထားတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သေဆုံးသွားရသူသည် အသက် ၃၅ နှစ်ကျော် အမျိုးသားတစ်ဦးဖြစ်ပြီး ထိုထိခိုက်ဒဏ်ရာရသူ ၃ ဦးထဲမှ အမျိုးသမီးတစ်ဦးသည် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရသူကို ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
“ အခု ကျနော်တို့ မိသားစုတွေ ကတုတ်ကျဉ်း ထဲမှာ ပုန်းနေရတယ်။ တစ်ပတ်လောက်ရှိပြီ။ အဓိကတော့ နေအိမ်ပေါ်မှာ လက်နက်ကြီး ကျည်ကျပေါက်ကွဲမှာ ကြောက်လို့ပေါ့ “ ဟု နမ့်ဖတ်ကာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အလားတူ သြဂုတ် ၃၀ ရက်တွင် စစ်ကောင်စီ နှင့် TNLA တပ်တို့ နှစ်ဘက်တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှ အမှတ် (၁)၊ (၂) ရပ်ကွက် နှင့် ဟိုပုံရပ်ကွက်အတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အသက် (၁၆) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပြီး ကလေး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။












Leave a Comments