မူးယစ်သမားကြောင့် ကြွေလွင့်ခဲ့ရသည့် သမီးလေး နန်းခင်လပြည့်

“ဘယ်လိုပြောရမှန်းမသိတော့ဘူး….။ အရမ်းခံစားရလို့ “ ဆိုပြီး နန်းစိန်တယောက် ဝမ်းနည်းငိုယိုနေပြီး ရင်ဖွင့်လာသည်။

.

သူမဟာ သျှမ်းပြည် ပင်လောင်းမြို့မှာ နေထိုင်တဲ့ ကလေးမိခင်တစ်ဦးပါ။

ယမန်နေ့ (သြဂုတ် ၂၉) ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ပင်လောင်းမြို့မဈေးထဲသို့ မိခင်ဖြစ်သူ နန်းစိန်သည် အသက် (၂) နှစ်အရွယ် သမီးလေးကို ဖိနပ်ဝယ်ရန် လိုက်ပို့နေစဥ် မူးယစ်ဆေးသုံးစွဲပြီး ဆေးကြောင်နေသော အမျိုးသားတစ်ဦးက ထင်းခွဲဓားမကြီးကို ကိုင်ပြီး သမီးငယ်ခေါင်းကို ခုတ်လိုက်သည်။

Photo – ခွန်လွန်းစိန် သေဆုံးသွားသည့် နန်းခင်လပြည့်

ဓားခုတ်ခံရသည့် အသက် ၂ နှစ်အရွယ် သမီးငယ် နန်းခင်လပြည့်သည် မိခင် နန်းစိန် နှင့် ဖခင် ခွန်လွန်းစိန် တို့၏ သမီးတစ်ဦးဖြစ်သည့်အလျောက် မိဘ ၂ ပါးလုံးက ရူးမတတ် ယူကြုံးမရ ဖြစ်နေသည်။

သမီးလေး နန်းခင်လပြည့်သည် ကလေးငယ် ပီပီ လှပသည့် ဖိနပ်ကိုလိုချင်ခဲ့ပြီး မိဘများထံ ပူဆာခဲ့သည်မှာ ရက်အနည်းငယ်ရှိခဲ့ပြီး၊ ထို့ကြောင့် ထိုနေ့မှာ မိခင်ဖြစ်သူက ဖိနပ်ဆိုင်သို့ လိုက်ပို့ခဲ့ပြီး ယခုလို ဓားခုတ်ခံရမှု ဖြစ်သွားသည်။

“သမီးလေးက ဒီဖိနပ်ကို အရင်တခါကတည်းက လိုချင်တာ၊ သူ့ခြေထောက်နဲ့မတော်လို့ မဝယ်ခဲ့ရဘူး။ အခုကျတော့ ထပ်တောင်းဆိုတော့ သမီးက အရမ်းကြိုက်တယ်ဆိုပြီး ဝယ်ပေးလိုက်တာ” လို့ ဖခင်ဖြစ်သူ ခွန်လွန်းစိန် က ငိုသံကို ထိန်းချုပ်ထားပြီး တုန်ရီတဲ့လေသံဖြင့် ပြောသည်။

Photo- CJ (ပင်လောင်းမြို့မစျေး)

မိခင် နန်းစိန် တယောက် ဖိနပ်ဆိုင်အတွင်း ဖိနပ်ယူနေချိန် သမီး နန်းခင်လပြည့်က အဖိုးဖြစ်သူကို စျေးအတွင်း တွေ့ရှိသဖြင့် ပြေးသွားစဥ် မူးယစ်ဆေးကြောင်သူက ဓားမကြီးဖြင့် သမီးလေး၏ ခေါင်းကို အားရပါးရ ခုတ်လိုက်သည်။

“သမီးလေးက အဖိုးကို မြင်တော့ ပြေးသွားချိန်မှာ ဖြစ်တာ။ အကွာအဝေးက ဘယ်လောက်မှ မရှိဘူး။ ခေါင်းကို ခုတ်ခံရပြီး ကလေးက လှဲကျသွားတယ်” ဟု ခွန်လွန်းစိန်က ဝမ်းနည်းသည့် လေသံဖြင့်ပြောသည်။

သွေးအိုင်ထဲ လှဲကျနေသည့် သမီးငယ်ကို မြင်ရချိန် မိခင်ဖြစ်သူက လန့်ပြီးအော်ငိုကာ သူမ ဝတ်ထားသော အင်္ကျီကို ချက်ချင်းချွတ်ပြီး သွေးထွက်နေသည့် သမီးငယ်၏ ဦးခေါင်းကို အုပ်ကာ ဆေးရုံသို့ ဆိုင်ကယ်ဖြင့် အမြန်မောင်းသွားခဲ့သည်။

သို့ပေမယ့် သမီးလေး နန်းခင်လပြည့်တယောက် ကံမကောင်းခဲ့ပေ။

“ စျေးနားက ဆိုင်ကယ်တစီးနဲ့ ဆေးရုံကို အမြန်မောင်းသွားတယ်။ ဆိုင်ကယ်ပေါ်မှာကတည်းက သမီးလေးက မျောနေပြီး ဆေးရုံရောက်တော့ အသက်မပါလာတော့ဘူး” ဟု ဖခင်ဖြစ်သူက တုန်ရီပြီး ငိုနေသည့်အသံဖြင့် ပြောပြသည်။

သမီးလေး နန်းခင်လပြည့်ကို ရက်စက်စွာ ဓားဖြင့်ခုတ်သွားသည့် အမျိုးသားကို ပြည်သူများနှင့် ရဲတပ်ဖွဲ့က ပူးပေါင်းပြီး ဖမ်းဆီးနိုင်ခဲ့သည်။

ထိုလူသတ်မှု ကျူးလွန်သည့် အမျိုးသားသည် စိတ်မနှံ့သူမဟုတ်ဘဲ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲပြီး သတိစိတ်လွတ်နေသူဖြစ်သည်။

“ စိတ်မနှံ့တာတော့ မဟုတ်ဘူး။ အသိစိတ်ရှိတယ်။ ဘူးခွံတွေ လိုက်ကောက်ပြီး ရောင်းရ၊ မရ သူသိတယ်လေ။ အဲ့လိုလိုက်ကောက်ပြီး ရောင်းလို့ရလာတဲ့ ပိုက်ဆံကို ဘိန်းရှူတာ နေမှာပေါ့။ ဆေးကြောင်တာ နေမှာပေါ့ “ ဟု လူသတ်ကျူးလွန်သူအကြောင်းကို ခွန်လွန်းစိန်က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပင်လောင်းမြို့နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူများ အဆမတန် ပေါများလာပြီး လမ်းသွားလမ်းလာ မူးယစ်သုံးစွဲသူ အသိချင်းတွေ့ဆုံပါက “ မင်းဘယ်လောက်ဖိုး ယူမှာလဲ “ ဆိုပြီး မေးရဲလောက်သည့်အထိ ပေါ်ပေါ်ထင်ထင် ရောင်းချနေသည်။

Photo – Credit (အသုဘရှု့တရားနာဖိတ်ကြားလွှာ)

ပင်လောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူသည် အိမ်တိုင်းနီးပါးရှိပြီး၊ ၈၀ ရာခိုင်နှုန်းခန့် ပေါများလာကြောင်း ဒေသခံ အမျိုးသားများ၏ ပြောပြချက်အရ သိရသည်။

“၈၀ ရာခိုင်နှုန်း လောက်ရှိတယ်။ ရွာတိုင်း၊ အိမ်တိုင်း မှာ မူးယစ်ဆေးသုံးစွဲသူရှိတယ်။ လမ်းသွားနေရင် သူတို့အချင်းချင်း “မင်းဘယ်လောက်ဖိုး ယူမှာလဲ “ လှမ်းမေးတာတွေ ရှိတယ်။ အဲ့လောက်ထိတောင် ပေါ်ပေါ်ထင်ထင် ဖြစ်လာတာပေါ့ “ ဟု အသက် ၃၀ အရွယ် အမျိုးသားက လက်ရှိ ပင်လောင်းအခြေအနေ ကို ပြောသည်။

ပင်လောင်းမြို့နယ်သည် ပအိုဝ်းပြည်သူ့စစ် PNO ထိန်းချုပ်သည့် နယ်မြေဖြစ်ပြီး၊ PNO သည် မူးယစ်ဆေး သုံးစွဲသူများကို ဖမ်းဆီးပြီး ငွေဖြင့် လာရောက်ထုတ်ခိုင်းခြင်း၊ ငွေမပေးနိုင်လျှင် ရိုက်နှက်ပြီး ပြန်လွှတ်ပေးခဲ့ သော်လည်း မူးယစ်ဆေးရောင်းဝယ်သူများကို တကြိမ်တခါမျှ ဖမ်းဆီးခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ပင်လောင်းမြို့နယ်တွင် မူးယစ်ဆေးဝါး ပပျောက်သွားမည် မဟုတ်ဘဲ ဆက်ပြီး ပိုများလာနိုင်မည် ဟု ပင်လောင်းဒေသခံ ခွန်အုံးက မှတ်ချက်ပြုလိုက်သည်။

Photo – ခွန်လွန်းစိန် (နန်းခင်လပြည့် လိုချင်တဲ့ ဖိနပ်သစ်)

“ဆေးသမားတွေကို PNO က ဖမ်းတယ်။ ရောင်းသူတော့ မဖမ်းဘူး။ သူတို့မိရင် ရိုက်တယ် ငွေကျပ်သိန်း ၂၀ နဲ့ ပြန်ရွေးခိုင်းတယ် ။ ငွေမပေးနိုင်ရင်လည်း ရှိတာရောင်း ချေးငှား ပြန်ရွေးခိုင်းတယ်။ ရောင်းသူမဖမ်းတာဟာ PNO က တမြင်မူးယစ်ဆေးသမားကို မွေးနေတာပဲ” ဟု ခွန်အုံးက ထောက်ပြပြောဆိုသည်။

မူးယစ်ဆေးသားကောင် တယောက်၏ လက်ချက်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် နန်းခင်လပြည့် အတွက် မိသားစုဝင်များက အသက်ပျောက်ဆွမ်း ကို ယနေ့ (သြဂုတ် ၃၀) ရက်တွင် ပြုလုပ်သည်။
ပင်လောင်းမြို့နယ်အတွင်း မူးယစ်ဆေးသမားများ ကင်းစင်စေပြီး၊ သမီးလေး နန်းခင်လပြည့် လို ထပ်မဖြစ်လာရန် အတွက် ဒေသခံ အားလုံးအနေဖြင့် မူးယစ်ဆေးပပျောက်ရန် အထူးလုပ်ဆောင်သင့်ကြောင်း ခွန်လွန်းစိန် က ပြောသည်။

နိုင်ငံရေး ရှုပ်ထွေးနေချိန် မူးယစ်ဆေးဝါး ပပျောက်ရန် သက်ဆိုင်ရာအာဏာပိုင်က စိတ်ဝင်စားမှုနည်းပါးပြီး၊ အာဏာပိုင်များက မူးယစ်ဆေးဝါး များပြားလာအောင် တမြင်ဖန်တီးနေကြသည့် ပုံစံမျိုးဖြစ်နေသည်။

ထို့ကြောင့် မူးယစ်ဆေးသမားတယောက်ကြောင့် အသတ်ခံလိုက်ရသည့် သမီးလေး အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုကို မည်သည့်အဖွဲ့အစည်း အာဏာပိုင်မှ တာဝန်ယူပေးမည် မဟုတ်ကြောင်း၊ မူးယစ်ဆေးဟူသမျှကို ပြည်သူများအနေဖြင့် ကိုယ်ထူကိုယ်ထ တိုက်ဖျက်ရန်လိုအပ်သည်။

“ဒီဟာနဲ့ ပတ်သက်ပြီး ကျနော်တို့ကတော့ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှု အဲ့ဒါတွေက ဘာမှ မမျှော်လင့်ပါဘူး။ သူ့အပြစ်နဲ့သူ သွားမှာပါ ဒီလောက်ပါပဲ။ ဒါကတော့ မူးယစ်ဆေးဝါးကြောင့်ပါပဲ “ ဖခင် ခွန်လွန်းစိန် က စကားပြောဆိုရန် အင်အားချိနဲ့စွာဖြင့် ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းရိုင်တွင် အသက် ၁၄ မှ ၁၆ အရွယ် မူးယစ်ဆေးသယ်ဆောင်သူ လူငယ် ၄ ဦးထပ်မံဖမ်းမိ

0
ချင်းရိုင်ခရိုင်၊ မယ်ချန် (Mae Chan) နယ်မြေအတွင်း ဆယ်ကျော်သက်လူငယ်များကို ဘတ်ငွေ ၁၂,၀၀၀ ဖြင့် ငှားရမ်းကာ မူးယစ်ဆေးဝါးသယ်ဆောင်ခိုင်းသည့် သံသယရှိသူ ၄ ဦးနှင့်အတူ ဘတ်သန်းနှင့်ချီတန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သိန်းကျော်နှင့် ကီတမင်း ၁၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ဇွန်လ ၈...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေ ရုတ်တရက်စီးဆင်းမှုကြောင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။ ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့်...

ချင်းမိုင်မြို့ အဝေးပြေးကားဂိတ်တွင် ဘန်ကောက်သို့ပို့မည့် စိတ်ကြွဆေးပြား ၁.၈ သန်းကျော် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ အဝေးပြေးကားဂိတ်တွင် ဘန်ကောက်သို့ မှောင်ခိုတင်ပို့ရန် ပြင်ဆင်နေသည့် စိတ်ကြွဆေးပြား ၁.၈ သန်းကျော်ကို သံသယရှိသူ သုံးဦးနှင့်အတူ ရဲတပ်ဖွဲ့က ကြားဖြတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (မေလ ၁၄ ရက်) တွင် ချင်းမိုင်မြို့ မဲ့ပင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အမှတ် (၃) အဝေးပြေးကားဂိတ်၊...