Saturday, May 18, 2024

အင်းလေး က မိသားစုဝင် ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား

Must read

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း နေထိုင်သည့် မိသားစု ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။

.

ပြီးခဲ့သည့် (သြဂုတ် ၂၈ ရက်) ညအချိန်တွင် အင်းလေးဒေသ သပြေပင်သစ် အမှတ် ၃ ကျေးရွာနေ မိသားစု ၄ ဦးကို စစ်ကောင်စီတပ် နှင့် ရဲတပ်များက ပူးပေါင်းပြီး စက်လှေ ၂ စီးနှင့် လူအင်အား ၁၀ ကျော်သုံးကာ နေအိမ်အတွင်း လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း အင်းလေးဒေသခံ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လာဖမ်းသွားတဲ့အချိန်က ညနေစာ ထမင်းစားပြီးတဲ့အချိန်လောက်ပဲ ကလေးငယ် ၂ ယောက် လူကြီး ၂ ယောက်ပါသွားတယ်။ ဘာကြောင့် လာဖမ်းသွားလဲတော့ သေသေချာချာမသိဘူး။ အတင်း ဖမ်းခေါ်သွားတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီ ဖမ်းဆီးခေါ်သွားခဲ့သည့် မိသားစုဝင် ၄ ဦးထဲတွင် အသက် (၁၈) နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် (၁၅) နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး တို့ပါဝင်သည်။

လက်ရှိမှာ မိသားစု ၄ ဦးထဲမှ ကလေးငယ် ၂ ဦးကို ညောင်ရွှေမြို့နယ် ရဲစခန်းတွင် ချုပ်ထားပြီး၊ မိဘ ၂ ပါးကိုတော့ လူတွေ့ခွင့် မရသေးကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

ယင်းကဲ့သို့ မိသားစုဝင် ၄ ဦး ဖမ်းဆီးခေါ်ခံရခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်နေကြောင်း စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်နိုင်ကြောင်း အင်းလေးဒေသ အဖွဲ့အစည်းဖြစ်သည့် JMC- Innlay မှ ဒါရိုက်တာ မယုလှိုင်သင်းက ပြောသည်။

“ အင်းထဲမှာ ဒီလိုဖြစ်စဉ်တာတွေက မနည်းတော့ဘူး။ တစ်ခေါက်ကလည်း နှင်းဆီပန်း ပုံတင်လို့ အိမ်ဝိုင်းခံရ တာလည်း ရှိတယ်။ သူတို့ထင်ရင် ထင်သလို လိုက်ဖမ်းနေတာ။ အခုလည်း PDF နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲပြီး ဖမ်းသွားတာပဲ ဖြစ်နိုင်တယ် “ ဟု မယုလှိုင်သင်းက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် ကျရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် အင်းလေးဒေသမှ အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ၎င်း၏ လှုမှုကွန်ရက်စာမျက်နှာပေါ် နှင်းဆီပန်းပုံတင်ခဲ့ရာ စစ်ကောင်စီက အိမ်တွင်းလာရောက်ဖမ်းဆီးသွားခဲ့ပြီး ယခုချိန်ထိ ပြန်လွတ်မြောက်လာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article