ကွန်မန်ဒို စိုင်းထွန်း (သို့မဟုတ်) အမျိုးသားရေးကို ရှောင်မပြေးသူ တော်လှန်ရေးတပ်သား

ရွာလယ်မှာ ရှိတဲ့ သူကြီးအိမ်ကနေ တုံးခေါက်သံ “တတောက်တောက်” ကြားလိုက်ရတယ်။

.

စိုင်းထွန်းရဲ့ စိတ်ထဲမှာတော့ တုံးခေါက်သံထက် ရင်ဘတ်ထဲက တဒုန်းဒုန်း ခုန်နေသံက ပို၍ ကျယ်လောင်နေပါတယ်။ ရွာသားတွေ စုဝေးကြဖို့ သူကြီးအိမ်မှ ဟိန်းထွက်လာတဲ့ တုံးခေါက်သံကြောင့် ရွာသားများလဲ အားလုံးကိုယ်စီ စိတ်လှုပ်ရှားစွာ နဲ့ ကိုယ့်အိမ်ကနေ ထွက်လာကြပြီ။

ရွာသူကြီးအိမ်မှာ ရွာသားများ စုရုံးရောက်လာကြတဲ့အခါမှာတော့ သူကြီးက သူဒီနေ့ စည်းဝေးဖို့ တုံးခေါက်ရတဲ့ အကြောင်းရင်းကို ပြောပြပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ တပ်သားသစ်စုဆောင်းဖို့ ရွာကို တပ်သားတောင်းဆိုလာတဲ့ အကြောင်းပါ။ စိုင်းထွန်းအတွက်တော့ ကြိုသိထားပြီး ဖြစ်ပေမယ့် ရွာသားတွေအတွက်မှာ သတင်းကြားကြားချင်း စိတ်ပျက်ညှိုးငယ်စွာနဲ့ မျက်နှာငိုင်ကုန်ကြပါတယ်။

ရွာသားတွေအတွက် ဒီလို အဖြစ်အပျက်မျိုး ခံစားချက်မျိုးကို ဒီတစ်ခေါက်မှ ပထမဆုံး ကြုံရခြင်းတော့ မဟုတ်တော့ပါ။ ဟိုးယခင် ၂၀၁၅ ခုနှစ် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) က NCA လက်မှတ်ထိုးပြီးနောက်ပိုင်း သျှမ်းမြောက်ကို စစ်ရေးအရ ထိုးဖောက်ဝင်ရောက် လာတုန်းကလဲ လူသစ်စုဆောင်းတာ တွေ့ကြုံရပြီး ပါပြီ။ ထိုစဉ်က စိုင်းထွန်း အတွက်ကတော့ အရွယ်မရောက်သေးတဲ့ လူမမယ်လေးပဲ ရှိပါသေးတယ်။

SSPP တပ်သားများ

ဒီတစ်ခေါက်မှာတော့ စိုင်းထွန်းတစ်ယောက် သျှမ်းမြောက်က မြို့နယ်တစ်ခုမှာ လူသစ်စုဆောင်းတာကို နဖူးတွေ့ ဒူးတွေ့ ကြုံရနေပါပြီ။

“အဲ့တုန်းက လူသစ်ခေါ်တော့ တစ်ရွာကို ယောကျာ်းလေး ၂ ယောက် ခေါ်တာ။
အရင် အကြား (RCSS) တုန်းကလဲ ရွာက လူငယ်တွေ သွားထားကြတာဆိုတော့ လူမရှိတော့ဘူး။
တောထဲသွားတဲ့သူတွေ အရမ်းများလာတော့ ရွာထဲ ရပ်ရေးရွာရေးလုပ်ဖို့တောင် လူငယ်တွေ နည်းကုန်တာပေါ့။ အခုက အစိမ်း (SSPP) ဘက်က လူခေါ်တာ”ဟု ထိုစဉ်က အခြေအနေကို စိုင်းထွန်းက ငြိမ်သက်စွာဖြင့် ပြောတယ်။

RCSS

RCSS/SSA သည် ယူနီဖောင်း စစ်ပြောက်ကျားတွေ ဝတ်တဲ့အတွက် ရှမ်းပြည်သူတွေက “အကြား” လို့ခေါ်ပြီး ယူနီဖောင်း အစိမ်းပြောင်တွေဝတ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ကိုတော့ “အစိမ်း” လို့ အလွယ်ခေါ်ကြပါတယ်။

“ဟိုတုန်းက ကျတော့ လူဘယ်လို ကောက်လဲဆိုတော့ သားနှစ်ယောက်၊ သုံးယောက်ရှိတဲ့ အိမ်ဆိုရင် တစ်ယောက်သွားရမယ်ပေါ့။ နောက်ပိုင်းကျတော့ ဘယ်လိုထပ်ဖြစ်လာ လဲဆိုတော့ ရွာထဲ လူငယ်တွေ နည်းပြီလေ။ အဲ့တာနဲ့ သား ၂ ယောက်ရှိတဲ့ အိမ်ဖြစ်ဖြစ်၊ သား ၁ ယောက်ပဲ ရှိတဲ့ အိမ်ဖြစ်ဖြစ် သူတို့တောင်းလာတဲ့ လူ အရေအတွက်အတိုင်း တစ်ယောက်မကျန် မဲနှိုက်ရတာပေါ့”ဟု လူသစ်စုဆောင်းတာကို ဖြေရှင်းဖို့ ရပ်ရွာလူကြီးများ အခက်ကြုံရပုံကို စိုင်းထွန်းက ရှင်းပြတယ်။

ဒီအချိန်မှာ စိုင်းထွန်းဟာ အခြေအနေတွေကို နားလည်ခဲ့ပါပြီ။ အဖေဖြစ်တဲ့ ရွာသူကြီးဆီကနေ အကြောင်းအရာ တော်တော်များများကို သူများထက်အရင် ကြားခဲ့သိခဲ့ ရလို့ပါ။ ဒါပေမယ့် အခြားသော ရွာသားများနည်းတူ သတင်းကြားရတော့လည်း ထပ်ပြီး ရင်တုန် နေရတုန်းပါပဲ။

SSPP တပ်သားများ

“အစိမ်း နဲ့ အကြား (SSPPနဲ့ RCSS) တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ဒီဘက်နယ်တွေကို အစိမ်း (SSPP) က နေရာယူလိုက်တာ၊ ခုကျတော့ အစိမ်း (SSPP) ဘက်က ခေါ်တာ၊ လူသစ်စုတာပေါ့၊ ဒီဘက်ရွာတွေက ရွာလူကြီးတွေကို ခေါ်ပြီး တစ်ရွာကို လူဘယ်နှစ်ယောက် ဆိုပြီးတော့ ပြောတာပေါ့။ အဖေတို့လဲ ဘယ်လိုလွန်ဆန်ရဲမလဲနော့၊ လူကြီးဆိုတော့ အကုန်လုံးအတွက် စဉ်းစားရတာပေါ့။ တချို့လဲ တောထဲမသွားချင်တော့ ချေးငှားပြီးတော့ ထိုင်းဘက် သွားကြတာပေါ့” ဟု (SSPP/SSA) နှင့် (RCSS/SSA) တို့ရဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြောပြနေတယ်။

စိုင်းထွန်းအတွက်တော့ အခြားသူများနဲ့မတူ၊ အခြေအနေ အားလုံးကို နားလည်တဲ့အတွက် ပြဿနာကို ရှောင်မပြေးတော့ပါ။ ရွာသားအများထဲက တော်လှန်ရေးအတွက် စိတ်ပြင်းထန်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ တောထဲသွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့ SSPP/SSA ရဲ့ ဌာနချုပ်ရှိရာ ဝမ်ဟိုင်းမှာ အခြေခံ စစ်ရေးလေ့ကျင့်ဖို့ ထွက်လာခဲ့ရပါပြီ။

SSPP တပ်သားများ

“အာဏာသိမ်းတုန်းက အစပိုင်းမှာ ကျွန်တော်လဲ ဆန္ဒပြတာတွေ လိုက်တယ်လေ။ ဖမ်းတဲ့သတင်းတွေ ကြားတဲ့နောက်ပိုင်းကျတော့ ကျွန်တော်တို့လဲ မြို့ပေါ် မသွားတော့ဘူးပေါ့။ ရွာမှာနေတော့ နဲနဲတော့ စိတ်ချရတာပေါ့။ ဒါပေမယ့်လဲ တစ်ဖက်က အစိမ်းတွေလဲ ရွာနားတဝိုက်မှာ ရောက်နေပြီ။
ရွာကို သူတို့လူတောင်းလာတော့ ကျွန်တော်လဲ အစတုန်းက စိတ်ထဲမှာ စိုးရိမ်တာပေါ့။ ထိုင်းဘက်သွားဖို့တောင်မှ စဉ်းစားသေးတယ်” ဟု အစောပိုင်း တွေဝေနေမှုကို ငေးငေးငိုင်ငိုင်နဲ့ ပြောပြနေတယ်။

“နောက်ပိုင်းကျတော့ ပြန်တွေးမိတာ ဆန္ဒသွားပြတုန်းက သံပြိုင်အော်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး ဒို့အရေး ဆိုတာတွေ ခေါင်းထဲမှာ ပြန်ပေါ်လာတော့ တောထဲသွားဖို့ စိတ်ဖြစ်လာတာ၊ ဗမာပြည်မှာတောင် လူငယ်တွေ PDFတပ်ထောင်ပြီးတော့ ဗမာစစ်တပ်ကိုတောင် ပြန်တိုက်နေတာပဲလေ။ ငါတို့ တိုင်းရင်းသားတွေလဲ နှစ်အကြာကြီး တိုက်လာတာ၊ အခုလဲ ဗမာစစ်တပ်ကို ဆက်တိုက်နေရတုန်းပဲ ဆိုတော့ ကိုယ့်လူမျိုးအတွက် အမျိုးသားရေး စိတ်ဓာတ် နဲ့ သျှမ်းတပ်ထဲ ဝင်မယ်ကွာ” ဟု ဆုံးဖြတ်ချက် ပြတ်သားပုံကို မျက်နှာခပ်တင်းတင်း နဲ့ ယုံကြည်မှု ရှိရှိပြောပါတယ်။

SSPP တပ်ဖွဲ့

စိုင်းထွန်းတစ်ယောက် အခြေခံစစ်ရေးလေ့ကျင့်ရတော့ အစပိုင်းမှာ သူငယ်ချင်းတွေနဲ့ တန်းတူ လိုက်မလုပ်နိုင်ခဲ့ပါဘူး။ အရပ်အမောင်းကတော့ သိပ်အမြင့်ထဲ မပါပဲ ခန္ဓာကိုယ် ပိန်ပါးပါး၊ လူကောင် ခပ်ညက်ညက်ထဲပါတဲ့ စိုင်းထွန်း တစ်ယောက် အစပိုင်းမှာ ခက်ခဲ ခဲ့ရတယ်။ နေ့ဘက်မှာ လေ့ကျင့်ရေးဆင်း၊ ညဘက်မှာ သဘောတရားရေးရာများကို နားထောင်ရင်း အမျိုးသားရေးအတွက် အာဏာရှင်ကို တော်လှန်မယ့် စိတ်တစ်ခုတည်းနဲ့ (၃) လတာ အခြေခံ စစ်သင်တန်းကို ဖြတ်ကျော်ခဲ့ပါတယ်။

“အရင်တုန်းက စာသင်ကျောင်းတွေ၊ ရုံးတွေ ဌာနတွေမှာ ဆိုရင် ကိုယ့်လူမျိုးတွေ အလုပ်လုပ်တာ တွေ့ရနည်းတယ်၊ အခွင့်အရေး မရကြဘူး၊ ရွာဘက်ကနေ မြို့ပေါ်ရုံးကိစ္စသွားလုပ်ရင် ခွဲခြားခံရတာ၊ အနှိမ်ခံရတာပေါ့၊ အရင်က ဒီလိုမျိုး မမြင်တတ်ဘူး။ အဲ့တာ အခွင့်အရေးတွေ တန်းတူမရဖူးတာ နောက်ပိုင်းမှ သိလာတာ၊ အဲ့ကြောင့်မို့ ဖက်ဒရယ်ရဖို့ ငါတို့ တိုင်းရင်းသားတွေ တန်းတူအခွင့်အရေးရအောင် ဗမာစစ်တပ်ကို တိုက်ရမယ်ဆိုတာ ပိုပြီးတော့ နားလည်လာတာ”ဟု စိုင်းထွန်းက သူ့ရဲ့ စိတ်ဓာတ်ခံယူချက်ကို လေသံမာမာနဲ့ ပြောတယ်။

RCSS တပ်သားများ

သျှမ်းပြည်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အများအပြား အခြေစိုက် လှုပ်ရှားကြပါတယ်။ သျှမ်းမြောက်မှာ ၂၀၁၅/၁၆ မှစလို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့အကြား တိုက်ပွဲများမှသည် ၂၀၂၀ ခုနှစ်နောက်ပိုင်း SSPP/SSA၊ PSLF/TNLA ပူးပေါင်းအဖွဲ့ နဲ့ RCSS/SSA အဖွဲ့တို့အကြား တိုက်ပွဲများအထိ နယ်မြေစိုးမိုးမှုအတွက် စစ်ရေး ပြင်းထန်လာခဲ့ကြတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်နေရာ တော်တော်များများမှာ အာဏာလေဟာပြင် ဖြစ်လာခဲ့ပါတယ်။ ဒီလေဟာပြင်ကို ဖြည့်ဆည်းဖို့ သျှမ်းပြည်မှာရှိတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တိုင်းက ကြိုးစားနေကြပါတယ်။ အခု ၂၀၂၃ နှစ်လယ်လောက်ကစပြီး စစ်ကောင်စီတပ် နဲ့ သျှမ်းမြောက်က တော်လှန်ရေးအဖွဲ့တွေရဲ့ ထိတွေ့တိုက်ပွဲတွေလဲ ခပ်စိပ်စိပ် ဖြစ်လာပါတယ်။

SSPP

ဒါကြောင့်လည်း အဖွဲ့တိုင်းလိုလိုက သျှမ်းပြည်အတွင်းမှာ စစ်သားစုဆောင်းရေးတွေကို အားသွန်ခွန်စိုက် လုပ်လာကြပါတယ်။

သူကြီးသား စိုင်းထွန်းတယောက်ကတော့ စစ်သားစုဆောင်းရေးကို ရှောင်မပြေးပဲ တော်လှန်ရေးတပ်ထဲကို ကိုယ့်သဘောဆန္ဒပါဝင်မှုနဲ့ အတူ ရောက်ရှိလာတာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ SSPP/SSA တပ်ရဲ့ အသေခံတပ်ဖွဲ့လို့ ခေါ်တဲ့ ကွန်မန်ဒို အထူးတပ်ဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်ခွင့် ရနေပြီလို့ ဆိုပါတယ်။

ဒီလိုပြင်းထန်လှတဲ့ တိုက်ပွဲတွေကြားထဲကနေမှ အမိမြေကို သစ္စာမဖောက်ပဲ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို အမျိုးသားရေးစိတ်ဓာတ် တစ်ခုတည်းနဲ့ စိုင်းထွန်းတစ်ယောက် သျှမ်းပြည်တပ်မတော်ရဲ့ တော်လှန်ရေးထဲ ခရီးဆက်နေဆဲပါပဲ။

SSPP

စိုင်းထွန်းကတော့ သူ့ရဲ့ အနာဂတ် ရှေ့ခရီးကို အခုလို ပြောပါတယ်။

“အိမ်ကနေလဲ ထွက်လာပြီဆိုတော့ အထက်က တာဝန်ချတဲ့ နေရာမှာ နေရတော့မှာပေါ့။ အမျိုးသားရေး တာဝန်အရဆိုတော့လဲ တော်လှန်ရေးထဲ ဆက်နေရဦးမှာပါပဲ”

ဆောင်းပါးရှင် – စိုင်းအောင်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...