Monday, May 6, 2024

လားရှိုးမြို့ အမျိုးသားတစ်ဦး ထပ်မံဓားခုတ်ခံရ

Must read

သျှမ်းပြည် လားရှိုးမြို့ ရပ်ကွက် ၁၂ အတွင်းရှိ လားရှိုးကြီးဈေးလမ်းတွင် အမျိုးသားတစ်ဦး ထပ်မံ ဓားခုတ်ခံခဲ့ရကြောင်း စုံစမ်း သိရသည်။

.

သြဂုတ် ၁၃ ရက် ညနေ ၇ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် ၁၂ အတွင်းရှိ လားရှိုးကြီးဈေးလမ်းတွင် အမျိုးသားတစ်ဦး ထပ်မံ ဓားခုတ်ခံရပြီး ဦးခေါင်းပြတ်ရှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းကို သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းမှ တာဝန်ခံ တစ်ဦးက ပြောသည်။

“အဲ့အနီးနား ပတ်ဝန်းကျင်က အကြောင်းကြားလာလို့ ကျနော်တို့ သွားသယ်ခဲ့ရတာဗျ။ အဲ့ လာခုတ်တဲ့သူက ဘယ်သူမှန်းလည်း ကျနော်တို့လည်း မသိရဘူး။ လူနာအရေးကြီးနေလို့ ကျနော်တို့က ဆေးရုံ ပို့ပေးလိုက်ရတာ။ ဦးခေါင်းနဲ့ မျက်နှာမှာ ဒဏ်ရာတွေကတော့ ကြီးတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး“ ဟု ၎င်းတာဝန်ခံ တစ်ဦးက ပြောသည်။

အဆိုပါ ဓားခုတ်ခံရသူသည် အသက် ၃၀ နှစ်အရွယ်ရှိ ကိုရဲနိုင်လင်း ဖြစ်ပြီး လက်ရှိမှာ လားရှိုးဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့တွင် လုယက်မှု၊ ဓားပြမှု၊ ဓားခုတ်မှုများနှင့်အတူ ဗုံးပေါက်ကွဲမှုများ မကြာခဏ ဖြစ်နေပြီး ဒေသခံများသည် အပြင်သို့ သွားလာသည့်အခါတိုင်း လုံခြုံရေးအတွက် အမြဲစိုးရိမ် ထိတ်လန့်နေရကြောင်း လားရှိုးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီ လားရှိုးမြို့မှာတော့ တခြားနယ်ကလူတွေ လာနေတာ အရမ်းများတယ်။ ဓားခုတ်ခံရတဲ့ သူတွေလည်း တော်တော်များများ ဒီဇာတိက ဒေသခံတွေ မဟုတ်ဘူး။ တခြားနယ်ကလာပြီး အလုပ်လုပ်တဲ့ သူတွေပေါ့။ အဲ့လိုဖြစ်တာ ခဏခဏ ကြားနေရတယ်။ ကျမတို့လည်း အိမ်ပြင်ကို မထွက်ရဲဘူး။ ထွက်ပြီဆိုရင်လည်း လုံခြုံရေးအတွက် အမြဲစိုးရိမ်နေရပြီး သွားလာနေရတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် လားရှိုးမြို့တွင် တစ်လကို အနည်းဆုံး ၂ ဦး ဓားခုတ်ခံရပြီး မူးယစ်ဆေးဝါး သုံးစွဲ၍ အိမ်ခြေမဲ့အဖြစ် နေထိုင်သူများလည်း တစ်လကို ၂ ယောက်နှုန်း သေဆုံးနေလျက်ရှိကြောင်း ၎င်းတို့ သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းထံမှ တစ်ဆင့် သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article