သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။
လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း နေ့လယ်ခင်း ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။
“အရင်တုန်းက လားရှိုးမှာ ပြန်ပေးဆွဲတာ မရှိဖူးဘူး၊ ကိုးကန့်တွေ နေတုန်းကလည်း မရှိခဲ့ဘူး။ စစ်တပ်ပြန်ဝင်လာပြီးတော့ ခိုးတာ လုယက်တာ ပြန်ပေးဆွဲတာ ဖြစ်လာတာ၊ နေ့ကော ညကော ပြန်ကြောက်နေရတယ်။ သူခိုးဓားပြတွေ များလာတော့ ပိုက်ဆံရှိတဲ့လူတွေ သတိထားရမှာ၊ အဓိကတော့ အကြောင်းသိတဲ့ လူတွေပေါ့။ သားသမီးတွေကို ပြန်ပေးဆွဲတာတို့၊ အိမ်အဝင် အထွက်တွေကို စောင့်ကြည့်ပြီးတော့မှ ဝင်ခိုးတာတို့ ခပ်စိပ်စိပ် ဖြစ်လာတယ်” ဟု လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်တပ်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်(၁၊ ၈ နှင့် ၁၁) ဘက်တွင် ဆိုင်ကယ်လုယက်ခံရခြင်း၊ လျှပ်စစ်မီးကြိုး ဖြတ်တောက်ခိုးယူခံရခြင်းနှင့် အရွယ်မရောက်သေးသည့် ကလေးငယ်များကို ပြန်ပေးဆွဲ ဖမ်းဆီးသွားပြီး မိဘများထံ ငွေညှစ်တောင်းခံခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
မေလ (၃) ရက် နေ့လယ်ပိုင်းတွင် လားရှိုးမြို့ ရပ်ကွက်(၁)ရှိ ပါရမီလမ်းသွယ်ထဲ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးတစ်ဦးကို အမည်မသိလူ (၄) ဦးမှ ဓားထောက်ကာ ဆိုင်ကယ်လုယူသွားခဲ့ပြီး ဆိုင်ကယ်ထဲ ထည့်ထားသည့် ကျပ်ငွေ သိန်း ၁၀၀ ကျော်လည်း ဆုံးရှုံးသွားကြောင်း၊ ခိုးယူခံခဲ့ရသည့် ဆိုင်ကယ်နှင့် ကျူးလွန်သူများကို တွေ့ရှိပါက သတင်းပေးတိုင်ကြားရန် ဆိုင်ကယ်လုယက်ခံခဲ့ရသည့် အမျိုးသမီးက လူမှုကွန်ရက်ပေါ်တွင် တောင်းဆိုထားသည်။
အလားတူ မေလ (၂) ရက် နံနက်ပိုင်းတွင်လည်း လားရှိုးတက္ကသိုလ်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအနီးရှိ အလှကုန် ရောင်းချသည့် နေအိမ်တစ်ခုသို့ သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသား (၄) ဦးမှ ကားတစ်စီးဖြင့် ဝင်ရောက်လာပြီး အိမ်ရှင်ကို ပြန်ပေးဆွဲရန် ကြိုးစားခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။
“အခုက လမ်းသွားလမ်းလာ ဆိုရင်လည်း သတိထားရတယ်။ ဆိုဒ်တွဲနဲ့ မော်တာအပျက် ဖုန်းအပျက် သံတိုသံစ လိုက်ဝယ်တာလည်း သူများဆိုင်ကယ်ကို တင်ပြေးတာတွေ ရှိတယ်၊ အဲ့လိုလည်း ဘယ်မှာမှ သွားတိုင်လို့ မရဘူး။ စစ်သားတွေ ရဲတွေက ညဘက် KTV နိုက်ကလပ်က ပြန်လာတဲ့ လူငယ်တွေကိုတော့ လိုက်ဖမ်းပြီး မိဘတွေကို ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတာတို့၊ စစ်မှုထမ်းထဲ ထည့်လိုက်မယ် ဆိုပြီးတော့ ခြိမ်းခြောက်ငွေညှစ်တာတို့ အဲ့လို့တော့ လုပ်တယ်” ဟု လားရှိုးမြို့ရှိ အဆိုပါ ဒေသခံအမျိုးသမီးက ဆက်ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်တွင်လည်း လားရှိုးမြို့ ရပ်ကွက်(၁) ဗျူဟာလမ်းတွင် ကားအရောင်းအဝယ် ပြုလုပ်မည်ဟု လိမ်လည်ချိန်းဆိုပြီး ကားပိုင်ရှင် အမျိုးသားကို အမည်မသိ လူနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ကာ ကားလုယက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လားရှိုးမြို့တွင်းကို စစ်တပ်လုံခြုံရေး ယူထားသည့်ကြားမှ ဓားပြတိုက် လုယက်မှု၊ ပြန်ပေးဆွဲ ငွေညှစ်မှုနှင့် လူသတ်မှုတို့ လတိုင်းနီးပါး ဖြစ်ပွားနေခြင်းကြောင့် မြို့နေပြည်သူများအကြား တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး အခြေအနေအတွက် စိုးရိမ်စရာဖြစ်နေကြောင်း သိရသည်။
တရုတ်ဖိအားပေးမှုကြောင့် ယမန်နှစ် ၂၀၂၅ ဧပြီလ ၂၂ ရက်တွင် လားရှိုးမြို့ပေါ်မှ MNDAA တပ်များ ဆုတ်ခွာပေးခဲ့ရသော်လည်း လားရှိုးမြို့နှင့် ၄ မိုင်အကွာအဝေးတွင် ဆက်လက်တပ်စွဲထားပြီး မြို့ပေါ်ရပ်ကွက် (၁၂) ခုကို စစ်တပ်မှ ပြန်လည်အုပ်ချုပ်ခဲ့သည်။












Leave a Comments