Tuesday, April 30, 2024

နောင်ချို ဂုတ်တွင်း စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခံရ၊ ၁၀ ဦးထက်မနည်း သေဆုံး

Must read

သျှမ်းပြည် နောင်ချိုမြို့နယ် ဂုတ်တွင်းတံတားအနီးတွင် ယနေ့ (သြဂုတ် ၄) ရက် နေ့လည် ၏၁၂ နာရီဝန်းကျင်၌ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခံရပြီး ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်း သိရသည်။

.

ဖြစ်စဉ်မှာ ယနေ့ သြဂုတ် ၄ ရက် နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်တွင် နောင်ချိုမြို့ဖက်မှ တက်လာသည့် စစ်ကောင်စီ ယာဉ်တန်းတစ်စီးသည် ဂုတ်တွင်းကားလမ်းပိုင်းရှိ ဇီးပင်ရွာအနီးတွင် အမည်မသိ လက်နက်ကိုင်တစ်ခုမှ ကြားဖြတ်တိုက်ခိုက်ခဲ့၍ နှစ်ဖက်တပ်ဖွဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဖက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ကျနော်တွေ့တာတော့ သေနေတာ ၁၀ ယောက်လောက်ရှိတယ်။ ကားဘေးမှာ သေနေတာ။ ကားလည်း ခြုံကြားထဲမှာ ထိုးဝင်နေတာ တွေ့ရတယ်။ ကျနော်တို့ ကားလည်း အပစ်ခံရတယ်။ လူကတော့ ဘာမှမဖြစ်သွားဘူး။ ကားတွေတော့ ထိသွားတယ် “ ဟု ၎င်းယာဉ်မောင်းတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီ ယာဉ်တန်းကြားဖြတ် တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်ပြီး မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ လုပ်ဆောင်ကြောင်း အသေးစိတ်ကိုတော့ မသိရှိရသေးပေ။

အလားတူ ယာဉ်တန်းကြားဖြတ်ခံရပြီးနောက် စစ်ကောင်စီသည် နောင်ချိုဖက်မှ ကား ၃ စီးခန့်ရှိ စစ်အင်အား ထပ်မံဖြည့်တင်းလာပြီး သေဆုံးသွားခဲ့သည့် စစ်ကောင်စီတပ်သားများ၏ အလောင်းကိုလည်း လက်ရှိမှာ စစ်ကောင်စီမှ လာရောက်သယ်ယူသွားခဲ့ကြောင်း သိရသည်။

“ လမ်းကတော့ မပိတ်ဘူး။ သူတို့ တိုက်ပွဲဖြစ်တုန်းက ပြည်သူတွေ သွားလာဖို့ ခဏရပ်ထားရတာပေါ့။ အလောင်းကိုတော့ စစ်ကောင်စီတွေ လာသယ်သွားတယ် “ ဟု ၎င်းယာဉ်မောင်းက ထပ်လောင်းပြောသည်။

ထို့အပြင် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်ဖြစ်သည့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်တော် (SSPP/SSA) တို့ လှုပ်ရှားနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article