Thursday, May 2, 2024

ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရ

Must read

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာ ရသွားကြောင်း စုံစမ်း သိရသည်။

ကွတ်ခိုင်မြို့

ယမန်နေ့( ဇူလိုင် ၁၀) ရက်နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် မိုင်းယုလေးဘက်မှ လာသည့် ဆိုင်ကယ်စီး အမျိုးသမီး နှစ်ဦး အနက်မှ တစ်ဦးသည် စစ်ကောင်စီတပ်ဖွဲ့ ပစ်လိုက်သည့် လက်နက်ကြီး ထိမှန် ဒဏ်ရာရသွားကြောင်း ဖြစ်စဥ်ကို သိရှိသည့် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုင်းယုလေးဘက်ကနေ ဆိုင်ကယ်စီးပြီးတော့ လာကြတာ၊ ကွတ်ခိုင်မြို့ထဲ ဈေးဝယ်ဖို့ပေါ့၊ မြို့ထဲမရောက်ခင် အမှိုက်ပုံနားမှာ ရပ်ပြီး ဝတ်လာတဲ့ မိုးကာတွေကို ချွတ်နေတဲ့ အချိန် လက်နက်ကြီးက သူတို့ဆီကို ကျကွဲတယ်၊ လက်နက်ကြီး အစက အမျိုးသမီးတစ်ဦးရဲ့ ပေါင်ကို ထုတ်ချင်းဖောက်ဝင်သွားတာ၊ ခုက ကွတ်ခိုင်ဆေးရုံမှာ ဆေးကုနေတယ်” ဟု ဖြစ်စဥ်ကို သိရှိသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိတွေ့တိုက်ပွဲ မရှိဘဲ စစ်ကောင်စီတပ်ဖွဲ့မှ ၎င်းတို့၏ တပ်စခန်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ အမျိုးသမီးကို ထိမှန်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက် ညပိုင်းတွင်လည်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအနီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲ ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်း အိပ်ပျော်နေသည့် အမျိုးသမီးနှစ်ဦး လက်နက်ကြီးစ ထိမှန်ပေါက်ကွဲမှုရှိကြောင်းလည်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အိမ်ထဲ အိပ်နေကြတဲ့ ညီအစ်မနှစ်ယောက်ကို ထိမှန်တာ၊ အငယ်မ တစ်ယောက်က ပါးမှာထိတယ်၊ အကြီးမကိုတော့ လက်တွေ၊ ခါးတွေ၊ မျက်နှာတွေမှာ ထိတယ်၊ အကြီးမက ဒဏ်ရာပိုပြင်းတယ်၊ သူတို့နှစ်ယောက်လုံးကို လူမှုကူညီရေး အသင်းကနေ မူဆယ်ဆေးရုံကို ပို့ပေးထားတယ်၊ ဓါတ်မှန်တွေ ရိုက်ရမယ်လို့ ပြောပါတယ်” ဟု လုံခြုံရေး အရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့သည် ဇူလိုင်လ ၉ ရက်နေ့ တစ်နေ့တည်း အတွင်းမှာပင် နမ့်ဖတ်ကာကျေးရွာအနီး ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားကြောင်းလည်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့တို့သည် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့မှ စတင်ပြီး KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာဒေသအနီးမှာလည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့သည် တစ်နှစ်ကြာ အပစ်ရပ်ထားကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း လက်ရှိ အချိန်ထိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင် တိုက်ခိုက်မှု ရှိနေဆဲ ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article