Saturday, May 4, 2024

လားရှိုးမြို့နယ် မိုးသည်းထန်စွာ ရွာသွန်းပြီး နေအိမ်ပေါ် အုတ်တံတိုင်းပြိုကျ မိသားစုဝင် (၄) ဦး သေဆုံး

Must read

သျှမ်းပြည် လားရှိုးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက်ကြောင့် နေအိမ်တစ်အိမ်ပေါ် အုတ်တံတိုင်းပြိုကျပြီး သေဆုံးသူ (၄) ဦး ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

သေဆုံးသွားသည့် မိသားစုနေအိမ်

ပြီးခဲ့သည့် ဇွန် (၁၀) ရက် ညနက်ပိုင်းတွင် လားရှိုးမြို့နယ် ဟတ်ကာကျေးရွာအတွင်း မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက်ကြောင့် နေအိမ်တစ်အိမ်ပေါ် အုတ်တံတိုင်း ပြိုကျပြီး မိခင် အပါအဝင် ကလေး (၃) ဦး စုစုပေါင်း သေဆုံးသူ (၄) ဦး ရှိခဲ့ကြောင်း သိရှိရသည်။

“မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် မြေတွေက ပျော့ကုန်ပြီး အုတ်တံတိုင်း ပြိုကျလာတာ။ အိမ်မောကျချိန်လည်းဖြစ်တယ်။ ကလေးမိခင် နဲ့ ကလေးတွေ (၃) ယောက်လုံး မြေကြီးအောက်ညှပ်ပြီး သေဆုံးနေတယ်။ ကလေးအဖေတော့ အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်” ဟု လားရှိုး လူငယ်များ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

အုတ်တံတိုင်း ပြိုကျသွားသည့် နေအိမ်သည် ထရံကာထားသည့် နေအိမ်ဖြစ်ကြောင်း သိရှိရသည်။

“အိမ်က ထရံ နဲ့ ကာရံထားတော့ မခံနိုင်ဘူးလေ။ အုတ်တံတိုင်း က နေအိမ်ထက် မြင့်နေတာလေ။ မိုးကြီးလေကြီးလာရင်လည်း မြေက ပြိုကျတာတွေရှိတယ်။ ဒီလိုမျိုး နေထိုင်တာတွေရှိတဲ့သူရှိရင်လည်း သတိထားနေလို့ ရအောင်ပါ” ဟု လားရှိုး လူငယ် လူမှုကူညီရေး အသင်း မှ တာဝန်ရှိသူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သေဆုံးသွားသည့် မိသားစုဝင် (၄) ဦးသည် မိခင် မှ လွဲပြီး ကလေးငယ်များသည် အသက် (၇) နှစ် မှ (၁၃) နှစ် အရွယ် သားယောကျာ်းလေးများ ဖြစ်ကြသည်။

ပြီးခဲ့သည့် ဇွန် (၆) ရက်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက်ကြောင့် တောင်ကျရေများ ကျဆင်းလာကာ လားရှိုးမြို့နယ် ဟန်နားရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပြီး နေအိမ် နှင့် စာသင်ကျောင်းအချို့ အုတ်တံတိုင်း ပြိုကျ ပျက်စီးမှုရှိခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article