Thursday, April 25, 2024

မိုင်းစစ်ဆင်ရေး သို့မဟုတ် စစ်အုပ်စု အကြောက်ဆုံးအရာ

Must read

နိဒါန်း

၂၀၁၃ ခုနှစ်မှသည် ယနေ့အချိန် မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်စဉ်ဖြစ်ရပ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရွေ့အပြောင်းများအား အစဉ်တစိုက်လေ့လာစောင့်ကြည့်လာခဲ့သည့် BNI-Myanmar Peace Monitor အနေ ဖြင့် စစ်အာဏာသိမ်းကာလအတွင်း ခုခံတော်လှန်စစ်အခြေအနေနှင့် အလားအလာဦးတည်ရာများ၊ စစ်ကောင် စီ၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများ၊ ယင်းသို့ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ အပေါ် သက်ရောက်မှုများ၊ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲခုခံတော်လှန်စစ်ကြောင့် အသစ်ဖြစ်ပေါ်လာ သော စစ်ဘေးသင့်ဒုက္ခသည်အရပ်သားပြည်သူများ စသည့်အကြောင်းအရာများစွာကို လေ့လာသုံးသပ်တင်ပြ ခဲ့ပြီးဖြစ်သကဲ့သို့ ဆက်လက်ပြီးလည်း အကြောင်းအရာအသစ်များ၊ တွေ့ရှိချက်အသစ်များ အစဉ်တစိုက်စောင့် ကြည့်လေ့လာတင်ပြသွားမည်ဖြစ်ပါသည်။

မိုင်းစစ်ဆင်ရေး

ယခုတစ်ပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် စစ်အာဏာသိမ်းကာ လအတွင်း စစ်အုပ်စုနှင့် ၎င်းတို့၏ အစေအပါးများအား ခုခံတော်လှန်ရေးအင်အားစုများမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ သည့် ဖြစ်စဉ်ဖြစ်ရပ်များ၊ ကိန်းဂဏန်းအချက်အလက်များကို စုဆောင်းရမိထားသမျှကို အခြေခံပြီး လေ့လာသုံး သပ်တင်ပြသွားပါမည်။

ထူးခြားသည့် မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်များ

၂၀၂၃ ခုနှစ် မတ်လ ၇ ရက်နှင့် ၉ ရက်နေ့များက စတင်ကာ စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်းမြို့ နယ်ဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်များသည် သံချပ်ကာကား နှစ်စီးအပါအဝင် ကားအစီးရေ ၃၀ ကျော်သည်ဟု ဆိုပါသည်။ မတ်လ ၁၁ ရက်အရောက်တွင်တော့ CDF-CDM Siyin နှင့် Mountain Eagle Defense Force (MEDF) ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက နံနက် ၈နာရီခွဲမှ ညနေ ၄ နာရီအထိ မိုင်းဆွဲ တိုက်ခိုက်မှုအကြိမ်ပေါင်း ၁၀ ကြိမ်တိုင်အောင် တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု CDF-CDM Siyinက ထုတ်ပြန်ထားပါသည်။ ထိုတိုက်ခိုက်မှုသည် မိမိတို့စုဆောင်းရရှိ ထားသည့် မှတ်တမ်းများအရ တစ်ရက်တည်း အကြိမ်ရေအများဆုံး မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်ဟုလည်း ဆိုနိုင် ပါသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈၊ ဖလမ်းမြို့မှ ဟားခါးမြို့သို့ ရိက္ခာပို့သွားသည့် စစ်ကောင်စီတပ်ယာဉ်အစီး ၂၀ ကျော် နှင့် တင့်ကားနှစ်စီးပါဝင်သော ယာဉ်တန်းအား ချင်းအမျိုးသားတပ်မတော် (CNF/CAN)၊ ချင်းအမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (CNDF)နှင့်ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)ပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆၀ ကျော်သေဆုံးခဲ့ကြောင်း CNDF က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါမိုင်းဆွဲတိုက်ခိုက်မှု သည်လည်း မိမိတို့စုဆောင်းရရှိထားသည့် မှတ်တမ်းများအရ စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုအများဆုံး တိုက်ခိုက်မှုဖြစ်စဉ်အဖြစ် တွေ့ရှိရပါသည်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အရာတော် – ထီးဆောင်းလမ်း၊ ၂၀၂၂ ခုနှစ် ဧပြီလ ၂၉ ရက်၊ စစ်ကောင်စီယာဉ်တစ် စီးအား မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဘက်မှ ၃၅ ဦးသေဆုံးခဲ့သည်။ ၂၀၂၂ ခုနှစ် မတ်လ ၈ရက်၊ ယင်းမာပင်မြို့နယ် လက်ပံတောရွာမှ ဒေသခံပြည်သူ ၁၂ ဦးအား မီးရှို့သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ တပ်အား မတ်လ ၁၁ ရက်၊ မျောက်နုံးရွာဘက်သို့ ဆင်းလာချိန်တွင် ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု၊ ဗိုလ်သူရိန်တပ်ရင်းက ပဒေသာမိုင်း ၁၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၂ ဦးသေဆုံးခဲ့ ကြောင်း အဆိုပါတပ်ပေါင်းစုက ထုတ်ပြန်ထားပါသည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်၊ မုံရွာမြို့မှ ထွက်လာသော စစ်ကောင်စီမိုင်းရှင်းလင်းရေးအဖွဲ့အား ချောင်းဦးနှင့် မြင်းမူမြို့နယ်အကြားတွင် မြောင်မြို့နယ် (T.G.R) ပြည်သူ့ ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရပါသည်။

BNI – Myanmar Peace Monitor ၏ ၂၀၂၃ ခုနှစ် မတ် ၂၀ ရက်အထိ စစ်အာဏာသိမ်းကာလအတွင်း ခုခံတော် လှန်ရေးအင်အားစုများ၏ မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးနှင့်အထက် သေဆုံးခဲ့ သည့် မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၄၀ နီးပါးရှိခဲ့သည်ကို တွေ့ရပါသည်။ မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စစ် ကောင်စီတပ်သားပေါင်း ထောင်နှင့်ချီကာ သေဆုံးခဲ့ရသည်ကိုတွေ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူပေါင်း ရာနှင့်ချီခဲ့ သည်ကို တွေ့ရှိရပါသည်။

မိုင်းဆွဲတိုက်ခိုက်မှုဆိုင်ရာ ကိန်းဂဏန်းများ

စစ်အာဏာသိမ်းကာလ ၂၀၂၃ ခုနှစ် မတ် ၂၀ ရက်အထိ BNI – Myanmar Peace Monitor ၏ မှတ်တမ်းအရ စစ်ကောင်စီတပ်များအား ခုခံ‌တော်လှန်ရေးအင်အားစုများ၏ မိုင်းဆွဲတိုက်ခိုက်မှုရက်ပေါင်း ၂၇၂ ရက်အထိ ရှိခဲ့ ပါသည်။ မိုင်းဆွဲတိုက်ခိုက်မှုတစ်ရက်လျှင် အနည်းဆုံးတစ်ကြိမ်မှ အများဆုံး ၁၀ကြိမ်အထိ တွေ့ရှိရသဖြင့် မိုင်း ဆွဲတိုက်ခိုက်မှုအကြိမ်ရေအားဖြင့်မူ ၂၇၂ ရက်ထက် ပိုမိုများပြားနိုင်သည်ဟု မှတ်ယူရပါမည်။

ဖော်ပြပါ နှစ်၊ လအလိုက်မိုင်းဆွဲတိုက်ခိုက်မှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလသည် စစ်ကောင်စီတပ်များအား မိုင်းဆွဲတိုက်ခိုက်မှုရက်ပေါင်း ၄၄ ရက်အထိ ရှိခဲ့ပြီး စစ်အာဏာသိမ်းကာလအတွင်း မိုင်းဆွဲတိုက်ခိုက်မှုအများဆုံးလ ဖြစ်ခဲ့ပါသည်။ ထို့နောက်တွင်မှ ၂၀၂၂ ခုနှစ် မေလတွင် မိုင်းဆွဲတိုက်ခိုက်မှု ၃၄ ရက်၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် မိုင်းဆွဲတိုက်ခိုက်မှု ၃၀ရက်၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် မိုင်းဆွဲတိုက်ခိုက်မှု ၂၉ရက်နှင့် ၂၀၂၂ ခုနှစ် ဇွန်လသည် မိုင်းဆွဲတိုက်ခိုက်မှု ၂၇ ရက်၊ စသဖြင့် လအလိုက် အသီးသီးရှိခဲ့သည်ကို တွေ့ ရပါသည်။ နှစ်အလိုက်တွင်မူ ၂၀၂၁ ခုနှစ်အတွင်း မိုင်းဆွဲတိုက်ခိုက်မှု ၇၅ ရက်၊ ၂၀၂၂ ခုနှစ်အတွင်း မိုင်းဆွဲတိုက် ခိုက်မှု ၁၆၃ ရက်၊ ၂၀၂၃ခုနှစ် မတ်လ ၂၀ရက်အတွင်း မိုင်းဆွဲတိုက်ခိုက်မှု ၃၄ ရက် ရှိခဲ့ပါသည်။

စစ်ကောင်စီတပ်များအား မိုင်းဆွဲတိုက်ခိုက်မှုအခြေအနေကို တိုင်းနှင့် ပြည်နယ်အလိုက် လေ့လာကြည့်ပါက စစ်ကိုင်းတိုင်းသည် မိုင်းဆွဲတိုက်ခိုက်မှုရက်ပေါင်း ၁၃၂ ရက်ဖြင့် အများဆုံးဖြစ်နေသည်ကို တွေ့ရသည်။ ထို့ နောက်တွင်မှ မကွေးတိုင်းတွင် မိုင်းဆွဲတိုက်ခိုက်မှုရက်ပေါင်း ၄၅ ရက်၊ မန္တ‌လေးတိုင်းအတွင်း မိုင်းဆွဲတိုက်ခိုက် မှု ၂၃ ရက်၊ မွန်ပြည်နယ်တွင် မိုင်းဆွဲတိုက်ခိုက်မှု ၁၄ ရက်၊ တနင်္သာရီနှင့် ကချင်ပြည်နယ်တို့တွင် မိုင်းဆွဲတိုက် ခိုက်မှု ၁၄ ရက်စီ စသဖြင့် တိုင်းနှင့်ပြည်နယ်တိုင်းတွင် စစ်ကောင်စီတပ်များအား မိုင်းဆွဲတိုက်ခိုက်မှုများ ရှိနေ သည်ကို တွေ့ရပါသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုအခြေအနေတွင်လည်း စစ်ကိုင်းတိုင်းတွင် ၆၃၅ ဦး၊ မကွေးတိုင်းတွင် ၁၂၂ ဦး၊ ချင်းပြည်နယ်တွင် ၆၉ ဦး၊ မန္တလေးတိုင်းတွင် ၃၃ ဦး၊ ကချင်ပြည်နယ်တွင် ၃၂ ဦး စသဖြင့် သေဆုံးမှုများ ရှိခဲ့ပြီး ထူးခြားဖြစ်စဉ်အဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင် နေထိုင်ရာ နေပြည်တော် ကောင်စီနယ်မြေအတွင်းတွင်ပင် ခုခံတော်လှန်ရေးအင်အားစုများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၂၄ ဦး သေဆုံးခဲ့သည်ကို တွေ့ရှိရပါသည်။

စစ်အာဏာသိမ်းကာလအတွင်း ဖြစ်တည်ပေါက်ဖွားလာသော တောင်တန်းမြေပြန့်ဒေသအလိုက် မြို့ပြဒေသ အလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF/LDF) သည် စစ်ကောင်စီတပ်များအား မိုင်းဆွဲတိုက်ခိုက်မှုတွင် အဓိ က အင်အားစုများအဖြစ် တွေ့ရှိရပြီး PDF/LDF များ၏ မိုင်းဆွဲတိုက်ခိုက်မှုသည် ရက်ပေါင်း ၂၄၈ ရက်အထိ ရှိခဲ့ ပြီး စစ်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်မှုအားလုံး၏ ၉၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပါသည်။ မိမိတို့သတ်မှတ်ထားသည့် မြို့ပြဒေသအလိုက် PDF/LDF များစာရင်းတွင် စစ်အာဏာသိမ်းကာလအတွင်း အသစ်ဖြစ်ပေါ်လာသည့် ခုခံ တော်လှန်ရေးအင်အားစု၊ အဖွဲ့အစည်းများအားလုံးပါဝင်သည်ဟု ဆိုရပါမည်။

ဆွဲမိုင်း

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့(ERO)များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIO/ KI A)၊ ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) နှင့် ရက္ခိုင့်တပ်တော်(ULA/AA)တို့၏ အာဏာသိမ်းစစ်အုပ်စု အား မိုင်းဆွဲတိုက်ခိုက်မှုများကိုလည်း ဖော်ပြပါဂရပ်ဖစ်အတိုင်း မြင်တွေ့ရပါသည်။

သုံးသပ်တင်ပြချက်

BNI – Myanmar Peace Monitor ၏ မှတ်တမ်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၃ ခုနှစ် မတ် ၁၄ရက် အထိ စစ်အာဏာသိမ်းကာလတလျှောက်လုံးတွင် မြန်မာနိုင်ငံအတွင်း စစ်အုပ်စုနှင့် တော်လှန်ရေးအင်အားစု များအကြား တိုက်ပွဲဖြစ်ပွားမှုရက်ပေါင်း ၂၅၂၅ ရက် ရှိခဲ့ပြီဖြစ်သည်။ ထိုအနက် မြို့ပြဒေသအလိုက် PDF/LDF များမှ စစ်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်မှုသည် ၂၇၂ ရက်ရှိခဲ့ပြီး စစ်အုပ်စု၏ မြေမြင်စစ်ကြောင်းများအား များစွာ အထိနာစေသည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် မြေပြင်အင်အားချိနဲ့လာသော အာဏာသိမ်းစစ်အုပ်စုသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကိုသာ အားကိုးနေရပြီဖြစ်ကာ စစ်အုပ်စု၏ လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်မှုသည် ရက်ပေါင်း ၃၀၀ နီးပါးရှိသည်အထိ အရှိန်မြှင့်ထိုးစစ်ဆင်လျက်ရှိသည်ကို တွေ့ရပါသည်။

မိုင်းသည် စစ်ရေးပဋိပက္ခဖြစ်ပွားရာ စစ်မျက်နှာ၊ စစ်တလင်းတွင် နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များအပြင် အရပ်သားပြည်သူများအား အန္တရယ်အပေးနိုင်ဆုံး စစ်လက်နက်တစ်ခု ဖြစ်သည်။ မိမိတို့ စုဆောင်းရရှိထား သည့်မှတ်တမ်းအရ စစ်အာဏာသိမ်းကာလအတွင်း ဆိုခဲ့ပါလူထိန်းချုပ်မှုအောက်မှ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ် မျိုးမဟုတ်ဘဲ မိုင်းစမ်းသပ်စဉ်အတွင်းပေါက်ကွဲမှု၊ စစ်လက်ကျန် မိုင်းပေါက်ကွဲမှု၊ မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲ မှုကဲ့သို့သော ဖြစ်စဉ်ပေါင်း ၉၄ ကြိမ် ရှိခဲ့ပြီး အရပ်သားပြည်သူပေါင်း ၂၂ ဦးသေဆုံးကာ ၄၇ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ပါသည်။ မိုင်းစမ်းသပ်စဉ် ပေါက်ကွဲမှုကြောင့် PDF/LDFတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့ပါသည်။ လက်ရှိနှစ်ဖက်ယာယီအပစ်ရပ်ထားသည့် ULA/AA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲအပြင်းထန် ဆုံးဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ်သည် စစ်အာဏာသိမ်းကာလအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှု ၂၇ ကြိမ်အထိ ရှိ ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုအများဆုံးဖြစ်နေသည်ကို သတိပြုရပါမည်။

နွေဦးတော်လှန်ရေးကာလတလျှောက် အာဏာသိမ်းစစ်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်မှုများ၏ ၇၃ ရာခိုင်နှုန်း ကျော်သည် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးကဲ့သို့သော အညာဒေသတွင် တွေ့ရှိခဲ့ရပါသည်။ ထို့ကြောင့် အညာ တခွင်လုံးပြန့်ထွက်လာသော ခုခံတော်လှန်သော စစ်ရေးလှုပ်ရှားမှုများတွင် မိုင်းဆွဲတိုက်ခိုက်ရေးနည်းဗျူဟာ (ဝါ) မိုင်းစစ်ဆင်ရေးသည် အချက်အခြာကျသော စစ်ရေးဗျူဟာတစ်ရပ် ဖြစ်နေသည်ဟု ဆိုရပါမည်။ 

ခုခံတော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်မှုအောက်မှ မိုင်းဆွဲတိုက်ခိုက်မှုများ (ဝါ) မိုင်းစစ်ဆင်ရေးသည် အာဏာသိမ်းစစ်အုပ်စုနှင့် အစေအပါးများအတွက် အကြောက်တရားကို ရိုက်သွင်းပေးနိုင်ခဲ့သည်ဟု ဆိုနိုင်ပါ သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှည်းနေလှေအောင်း မြင်းစောင်းမကျန် ခုခံတော်လှန်စစ်ဆင် နွှဲရာတွင် မိုင်းစစ်ဆင်ရေးသည် နွေဦးတော်လှန်ရေး၏ အမှတ်သရုပ်သဖွယ် တွင်ရစ်နေပြီဖြစ်ကြောင်း ရှုမြင်မိ ပါသည်။ မြေပြင်အင်အားအများအပြားကို ချိနဲ့စေသော မိုင်းဆွဲတိုက်ခိုက်မှုများသည် အာဏာသိမ်းစစ်အုပ်စုအတွက် အကြောက်ဆုံးအရာ ဖြစ်နေနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၉၇မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)

Leave a Comments

- Advertisement -spot_img

Latest article