အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ ခံစားနေရသောဒုက္ခများကို လျစ်လျူရှုခြင်းဖြစ်သည်ဟုဆိုကာ ထိုင်းအရပ်ဘက် အဖွဲ့အစည်းများက ပူးတွဲကြေညာချက်ထုတ်ပြန်၍ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ခြင်းဖြစ်သည်။
ယမန်နေ့ (ဩဂုတ်လ ၆ ရက်) နှင့် ယနေ့ ဩဂုတ်လ ၇ ရက် နှစ်ရက်တာ တရားဝင်ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့သည်။
ထိုင်းအစိုးရက နယ်စပ်လုံခြုံရေး၊ စီးပွားရေးနှင့် နယ်စပ်ဖြတ်ကျော် ပြဿနာများကို ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံနှင့် ဆက်လက်ထိတွေ့ဆက်ဆံရန် လိုအပ်သည်ဟု ကာကွယ်ပြောဆိုထားသည်။
အဆိုပါ ကန့်ကွက်မှု ပူးတွဲထုတ်ပြန်ချက်ကို Thai Allied Committee with Desegregated Burma Foundation၊ Thai Action Committee for Democracy in Burma၊ Union for Civil Liberty၊ Campaign for Popular Democracy အပါအဝင် ထိုင်းအရပ်ဘက် ကွန်ရက်အဖွဲ့အစည်းများစွာက ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာမှ ဖယ်ကြဉ်ခံရမှုကို နှစ်များစွာ ခံခဲ့ရပြီးနောက် အာဏာသိမ်း သမ္မတ၏ ယခုခရီးစဉ်သည် ဒေသတွင်း ထောက်ခံမှု ရရှိရေး ကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ကြောင်း ထိုအဖွဲ့များက ထောက်ပြကြသည်။
စစ်တပ်က ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေး ကူးပြောင်းမှုနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပြီး ၂၀၂၆ ခုနှစ် ဧပြီလတွင် ဗိုလ်ချုပ်မှူးကြီးမှ ဦးမင်းအောင်လှိုင်အဖြစ် သမ္မတ ဖြစ်လာခဲ့သော်လည်း ထိုရွေးကောက်ပွဲမှာ အတိုက်အခံများကို ချန်လှပ်ထားပြီး နိုင်ငံတကာ၏ ဝေဖန်မှုခံခဲ့ရသလို၊ စစ်တပ်၏ ထိန်းချုပ်မှုကို အခြေခံကျကျ မပြောင်းလဲဘဲ အုပ်ချုပ်ရေး ပုံရိပ်ကိုသာ ပြောင်းလဲရန် ကြိုးပမ်းမှုဖြစ်သဖြင့် လက်မခံကြောင်း အရပ်ဘက်အဖွဲ့များက ပြောဆိုသည်။
ထိုင်းအရပ်ဘက်အဖွဲ့များ၏ စွပ်စွဲချက်များအပြင် မင်းအောင်လှိုင်သည် လွန်ခဲ့သည့် နှစ်များအတွင်းကတည်းက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံးများနှင့် ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှုများကို အစဉ်ဆက်မပြတ် ရင်ဆိုင်နေရသူဖြစ်သည်။
• ၂၀၁၇-၂၀၁၈ ရိုဟင်ဂျာ စစ်ဆင်ရေးနှင့် ကုလသမဂ္ဂ၏ အရေးယူရန် တောင်းဆိုမှု: ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာ ၇၂၅,၀၀၀ ထက်မနည်း အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရပြီးနောက် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက မျိုးတုံးသတ်ဖြတ်မှုနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများအတွက် မင်းအောင်လှိုင် အပါအဝင် ထိပ်တန်းစစ်ဗိုလ်ချုပ်များကို အရေးယူရန် တောင်းဆိုခဲ့သည်။
• ၂၀၂၁ အာဏာသိမ်းမှုနှင့် အကြမ်းဖက် နှိမ်နင်းမှုများ: ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရထံမှ အာဏာသိမ်းယူခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင်များကို ဖမ်းဆီးခဲ့သည်။ ထို့နောက်ပိုင်း စစ်တပ်၏ သတ်ဖြတ်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများနှင့် မတရားဖမ်းဆီးမှုများကို ကုလသမဂ္ဂက မှတ်တမ်းတင်ခဲ့သည်။
• လေကြောင်း တိုက်ခိုက်မှု နှင့် ပဇီကြီး ဖြစ်စဉ်: ၂၀၂၃ ခုနှစ် ဧပြီ ၁၁ ရက်က ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုတစ်ခုတည်း၌ပင် အနည်းဆုံး လူ ၁၅၅ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးက အတည်ပြုခဲ့သည်။
• ၂၀၂၄ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ၏ ဖမ်းဝရမ်း လျှောက်ထားမှု: ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် ICC အစိုးရရှေ့နေက ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ (Crimes against humanity) အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထားခဲ့သည်။
• ၂၀၂၅ အာဂျင်တီးနား တရားရုံး၏ ဖမ်းဝရမ်းနှင့် ငလျင်ဘေးကာလ တိုက်ခိုက်မှုများ: ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အာဂျင်တီးနား တရားသူကြီးက စစ်ခေါင်းဆောင် အပါအဝင် ၂၅ ဦးကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ငလျင်ဘေးအန္တရာယ်ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အခြေအနေ ဖြစ်ပေါ်နေချိန်၌ပင် စစ်တပ်သည် ဆေးရုံ၊ ကျောင်းများနှင့် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်ခဲ့သည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် အာဂျင်တီးနားနိုင်ငံက အာဏာသိမ်း သမ္မတအပေါ် ဖမ်းဝရမ်း ထုတ်ပြန်ထားပြီး ICC တရားရုံး၏ ဖမ်းဝရမ်း လျှောက်ထားချက်မှာလည်း စိစစ်ဆဲအခြေအနေတွင် ရှိနေသည်။
သို့သော်လည်း အပြည်ပြည်ဆိုင်ရာ တရားရုံးတစ်ခုခုက ၎င်းအား အပြစ်ဒဏ် အတည်ပြု ပြစ်ဒဏ်ခတ်ခြင်း (Convict) မပြုလုပ်ရသေးသဖြင့် စစ်ခေါင်းဆောင်သည် အပြည်ပြည်ဆိုင်ရာ၏ ဖိအားနှင့် တရားဥပဒေဆိုင်ရာ ရင်ဆိုင်ရမှုများ ကြားမှပင် ဒေသတွင်း နိုင်ငံတကာ ဆက်ဆံရေး တရားဝင်မှုရရှိရန် ဆက်လက် ကြိုးပမ်းနေခြင်းဖြစ်သည်။
ကိုးကား – The Nation Thailand













Leave a Comments