စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့် ငွေများကြောင့် မိဘများ ခေါင်းခဲနေရသည်။
လက်ရှိ တောင်ကြီးမြို့ပေါ်ရှိ အထက်တန်းကျောင်းများတွင် ကျောင်းအုပ်ကြီးနှင့် အတန်းပိုင်ဆရာ၊ ဆရာမများက ကျောင်းသားများထံ ဝါတွင်း ဥပုသ်နေ့အတွက် အလှူငွေကောက်ခံခြင်း၊ ဘုန်းကြီးကျောင်းအလှူခံခြင်း၊ အမှိုက်ပုံးကြေး၊ တံမျက်စည်းကြေး၊ ကျောင်းဝေယျာဝစ္စ အတွက် ခေါင်းစဉ်မျိုးစုံတပ်ပြီး ငွေကောက်ခံနေကြောင်း ကျောင်းသား(၃)ဉီးရှိသည့် မိခင်က သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ လစဉ်ကြေးတွေ နောက်အချိန်ပိုကြေးတွေ အတန်းကြေးတွေ အလှူငွေတွေ နောက်ဆုံးအမှိုက်ကြေး၊ တံမျက်စည်းကြေး အားလုံးပါတယ်။ ကလေး ၃ယောက်ရှိတော့ တလ၊ တလ တော်တော်ကုန်တယ်။ တလအတွင်း ကျပ်တသိန်းလောက်ကုန်တယ်” ဟု ၎င်းမိခင်က ပြောသည်။
တောင်ကြီးမြို့ပေါ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် မိသားစုဝင်များလည်း နေထိုင်သည့်မြို့ဖြစ်ကာ များသောအားဖြင့် နေ့စားလိုက်ပြီး ဝင်ငွေရှာရပြီး၊ တရက်လျှင် ကျပ်ငွေ တသောင်းခွဲသာရရှိသဖြင့် ယခုကဲ့သို့ ခေါင်းစဉ်မျိုးစုံတပ် ငွေကောက်ခံမှုကြောင့် တောင်ကြီးမှ အခြေခံလူတန်းစား ကျောင်းသားမိဘများအတွက် ခက်ခဲရကြောင်းလည်း အသက် ၃၅နှစ်အရွယ်ရှိ ကျောင်းသားမိဘ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ ကျမတို့က စစ်ရှောင်ဆိုတော့ အိမ်ငှားစရိတ်လည်း ရှိတယ်။ ကလေး ကျောင်းစရိတ်အပြင် အပိုတွေပါတောင်းတော့ ကျမလည်း အဆင်မပြေဘူး။ နောက် ကလေးတွေ ကျောင်းပို့ကြိုဖို့ကလည်း ဆိုင်ကယ်ဆီဖြည့်ရတယ်လေ။ လိုင်စင်မဲ့ယာဉ်ဆိုတော့ ငွေပိုပေးပြီးထည့်ရတယ်။ ဘဝက ခက်ပြီးခက်ပါပဲ” ဟု ၎င်းကဆိုသည်။
ထို့ပြင် ဝင်ငွေနည်းသည့် နေ့စားလိုက်ရသော မိဘများသည် ကလေးငယ်များကို အတန်းပိုင် ဆရာမထံ ကျူရှင်မတက်ရောက်နိုင်သဖြင့် ခွဲခြားဆက်ဆံခံရခြင်း၊ ဆဲဆိုမှုများခံရကြောင်းလည်း ၎င်ကပြောသည်။
“ ကျမတို့ နေ့စားတွေက အလုပ်နေ့တိုင်းရှိတာမဟုတ်ဘူး။ တလမှ တပတ်ပဲသွားရတဲ့ရက်တောင်ရှိတယ်။ ကျမတို့ ကလေးတွေကို ကျောင်းက ကျူရှင် တလ နှစ်သောင်းခွဲ မထားနိုင်ဘူး။ ဆရာမတွေက ကျောင်းမှာ တစ်ခုခုဆို ကလေးတွေကို ကျူရှင်မတက်တော့ ဆူဆဲတာ၊ ခွဲခြားတာ လုပ်တော့ ကလေးတွေက ကျောင်းဆို မသွားချင်ကြတော့ဘူး”ဟု ၎င်းက ထပ်လောင်းပြောသည်။
တောင်ကြီးတွင် အိမ်လခ တလလျှင် ကျပ် (၂သိန်း)အထိ ပေးနေရပြီး ကြက်ဥတစ်လုံးလျှင် ကျပ် (၇၅၀) နှင့် ဆန်တစ်ပြည်လျှင် ကျပ် (၆၀၀၀) ကျော်အထိ ပေးဝယ်နေရသောကြောင့် အခြေခံလူတန်းစားများ အနေဖြင့် စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသည်။
“ကျောင်းဆရာ၊ ဆရာမတွေကလည်း လစာက ၃သိန်းတောင် မပြည့်ဘူး၊ ကျောင်းသားမိဘ ဖက်ကကြည့်ရင်လည်း သူတို့လည်း ကုန်ဈေးနူန်းကြား ရုန်းကန်နေကြရတာ၊ အဓိက ခေတ်ကြီးက မကောင်းနေတာ အုပ်ချုပ်သူက တိုင်းပြည်ဆင်းရဲအောင် တမင်ကို အကွက်ချထားတာ။” ဟု တောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း ဆီဆိုင်မြို့နယ်မှ ကျေးရွာဘက်တွင် ကျူရှင်လခ တစ်လ ကျပ် (၂၀၀၀၀) ထည့်ဝင်ရသောကြောင့် မိဘများက မတတ်နိုင်၍ ကျောင်းသားများကိုယ်တိုင် ကျောင်းထွက်ရန် ရွေးချယ်လာကြကြောင်း သိရသည်။
အထက်လူကြီးများအနေဖြင့် ပညာရေးစနစ်ကို သေချာကိုင်တွယ် သင့်ကြောင်းနှင့် လက်ရှိ ကျောင်းသားမိဘများ ကြုံတွေ့နေရသည်ကို ပညာရေးဌာနမှ ကိုင်တွယ်ဖြေရှင်းပေးစေလိုကြောင်း ကျောင်းသားမိဘများက အကြံပြုတောင်းဆိုကြသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း တောင်ကြီးမြို့နယ် အခြေခံ အမှတ်(၇) အခြေခံ အထက်တန်းကျောင်း၌ အာဏာသိမ်းစစ်တပ် ဝတ်စုံ ဝတ်ဆင်ထားသည့် ကျောင်းအုပ် ဗိုလ်မှူးနိုင်လင်းဆိုသူကို အဖြူအစိမ်း ဝတ် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကန်တော့နေကြသည့် ဓာတ်ပုံ ထွင်ပေါ် လာကာ လူထုကြား ဝေဖန်မှု မြင့်တက်ခဲ့သည်။












Leave a Comments