သျှမ်းပြည် တောင်ကြီးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပညာပါရမီ မိဘမဲ့ကျောင်းအတွက် အလှူခံဟုဆိုကာ လိမ်လည်တောင်းခံနေကြောင်း သတင်းရရှိသည်။
ဇူလိုင်လ (၁၂) ရက်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာဘက်တွင် အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် နေအိမ်ခြံဝန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ မိဘမဲ့ကျောင်းအတွက်ဆိုကာ အလှူခံနေကြောင်း ကိုယ်တိုင်ကြုံတွေ့သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထိုသို့ အလှူခံရာတွင် “ပညာပါရမီ မိဘမဲ့ကျောင်း” ဟုဆိုကာ ဖြတ်ပိုင်းစာအုပ်ဖြင့် နေအိမ်များထဲ ဝင်လာပြီး အဆိုပါ အလှူငွေဖြတ်ပိုင်းတွင် မြို့အမည်နှင့် ကျောင်းတည်နေရာ လိပ်စာအတိအကျ မပါရှိကြောင်းလည်း ကိုယ်တိုင်ကြုံတွေ့သည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ပညာပါရမီ မိဘမဲ့ကျောင်းဆိုပြီး ဖြတ်ပိုင်းစာအုပ်တော့ ပါတယ်။ ဒါပေမယ့် နေရာလိပ်စာ အတိအကျ မပါဘူး၊ နောက်ပြီး နေအိမ်ခြံဝန်းထဲကို အတင်းဝင်ပြီး အလှူခံနေတာ။ ရွာဘက်က လူဆိုတော့ ရိုးတယ်လေ၊ သူတို့ပုံစံတွေကလည်း ဆရာမကြီးပုံစံတွေ။ ရွာကလူတွေကို လိမ်လို့ရတယ်ဆိုတာ သိလို့ လာကြတာ” ဟု ၎င်းအမျိုးသမီးက ပြောဆိုသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်ပိုင်းသို့ လူလိမ်များသည် နည်းမျိုးစုံဖြင့် လာရောက် လိမ်လည်နေကြောင်း၊ အချို့လူလိမ်များသည် ရွှေဘိုဆန်ဟု ပြောဆိုပြီး လိမ်ညာရောင်းခြင်း၊ အချို့သည် အိမ်ဆေးသုတ်မည်ဟုဆိုပြီး လိမ်ညာခြင်းတို့ ဖြင့် နေအိမ်ခြံဝန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်လာကြကြောင်း ဆိုသည်။
လက်ရှိတွင် ကျေးရွာဘက်သို့ ဝင်ရောက်လာပြီး ပညာပါရမီ မိဘမဲ့ကျောင်း ဖြတ်ပိုင်းဖြင့် လာရောက် အလှူခံနေသူများသည် လူလိမ်များဖြစ်ကြောင်း၊ “ပညာပါရမီ မိဘမဲ့ကျောင်း” အနေဖြင့် တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံအလှူခံနေခြင်း မရှိကြောင်းလည်း ပညာပါရမီ မိဘမဲ့ကျောင်းမှ ကျောင်းအုပ်ဆရာတော်က သျှမ်းသံတော်ဆင့်ကို မိန့်ကြားသည်။
“အခု အဲ့ဒါတွေ ကြားနေလို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားမလို့ လုပ်နေတာ။ ကျောင်းကိုလည်း ဖုန်းတွေဆက်ပြီး လာတိုင်ကြတယ်။ ဘုန်းဘုန်းတို့ ကျောင်းက အလှူလိုက်မခံပါဘူး။ ဒါက လူလိမ်လူညာတွေပါ၊ ကျောင်းကို နာမည်ဖျက်ချင်လို့လား လိမ်စားချင်လို့လား မသိဘူး။ ဒါတွေက အရေးယူရမှာ” ဟု ဆရာတော်က မိန့်ကြားသည်။
ယခုလက်ရှိ ပညာပါရမီကျောင်းတွင် သျှမ်းပြည်တဝှမ်းမှ တိုင်းရင်သား လူငယ် ၇၀ နီးပါးကို စောင့်ရှောက်ပေးထားပြီး ကျောင်းသား/ကျောင်းသူများအတွက် လာရောက်လှူဒါန်းလိုပါက ကျောင်းသို့ ကိုယ်တိုင်လာရောက် လှူဒါန်းလျှင် ပိုထိရောက်ကြောင်း ဆရာတော်က ထပ်လောင်းမိန့်ကြားသည်။
ပညာပါရမီ မိဘမဲ့ကျောင်းသည် တောင်ကြီးမြို့ ဝါးပြားလမ်းဆုံ၊ တိုင်းရင်းသားပေါင်းစုံ သုသာန်၊ ဘာသာပေါင်းစုံ သုသာန် အဝင်လမ်းဘေးတွင် ရှိသည်။
စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း လိမ်လည်နည်းပေါင်းစုံဖြင့် လိုက်လိမ်နေကြပြီး ပြည်သူများအနေဖြင့် သတိထား ဆင်ခြင်ကြရန်လည်း တောင်ကြီးဒေသခံ အမျိုးသမီးတစ်ဉီးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင်လည်း ရွာငံမြို့နယ် ကျေးရွာများတွင် အလှကုန်ပစ္စည်းများဝယ်လျှင် ဗလာမပါ ကံစမ်းမဲများ ပါသည်ဟု ပြောဆိုပြီး ငွေကျပ် တစ်သောင်းပေး၍ မဲနှိုက်ရမည်ဟု ဆိုကာ ဒေသခံများထံမှ ငွေများလိမ်လည် ယူဆောင်သွားခဲ့ကြောင်း သိရသည်။












Leave a Comments