သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဩတချောင်း နယ်မြေ (၅) ရွှေကြယ်မုန့်ဆိုင်တွင် အလုပ်လာလုပ်သည့် အသက် (၂၀) အရွယ်ရှိ မစုပြည့်အောင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
အဆိုပါ မစုပြည့်အောင်သည် အင်းလေးဒေသ ညောင်ရွှေမြို့နယ် ပုံ့မှုကျေးရွာအုပ်စု ကျောင်းနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဦးဝင်းဖေ၊ ဒေါ်ငွေရင်တို့၏ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၂၇)ရက်နေ့တွင် မစုပြည့်အောင်နှင့် မိခင်ဖြစ်သူတို့ နောက်ဆုံး ဖုန်းအဆက်သွယ်ရခဲ့ပြီး ဖခင်ဖြစ်သူ တောင်ကြီးဆေးရုံကို လာတက်ချိန် နေရပ်လိုက်ပြန်မည်ဟု မိခင်နှင့် ဖုန်းပြောခဲ့ကြောင်း ထို့နောက် အဆက်သွယ် မရတော့ကြောင်း နီးစပ်သူများထံမှ သိရသည်။
“ဘုရားဖြူရပ်ကွက် ဩတချောင်းမှာနေတယ်၊ အဲဒီ ရွှေကြယ်မုန့်ဆိုင်ကိုတော့ မကြားဖူးဘူး။ တောင်ကြီးမှာလည်း လူမှောင်ခိုတွေများ ရှိနေပြီလား မသိဘူး။ အရာရာ သတိနဲ့ သွား သတိနဲ့ နေမှ တော်ကာကြတာ။”ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
မစုပြည့်၏ မိခင်ဖြစ်သူမှာ ထိုရွှေကြယ် မုန့်ဆိုင်ကို ဖုန်းဆက် မေးမြန်းရာ အဆိုပါ မစုပြည့် အလုပ်ထွက်သွားသည်မှာ ၅ လရှိပြီဖြစ်ကြောင်း ပြောခဲ့သည်။ ၎င်း၏ လုပ်ဖော်ကိုင်ဖက် အသိမိတ်ဆွေ မေးမြန်းရာ မစုပြည့်အောင်နှင့် မတွေ့သည်မှာ ကြာပြီဖြစ်ကြောင်း ပြောခဲ့သည်ဟု သိရသည်။
ယခုရက်ပိုင်း တောင်ကြီးမြို့တွင် လူငယ်များ ပျောက်ဆုံးနေပြီး ခိုးဆိုးလုယက်မှုများလည်း ပေါများလာကြောင်း သိရသည်။












Leave a Comments