နိုင်ငံရေးသဘောထားကွဲလွဲမှုများကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် ငြိမ်းချမ်းစွာ အဖြေရှာကြရန် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြုလုပ်သည့် အစိုးရရက်ပေါင်း (၁၀၀) ပြည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။
နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သမ္မတက ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားကြောင်းနှင့် အစိုးရသစ်၏ ရက် (၁၀၀) ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် (၁၃) ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အချက် (၄၃) ချက်ကို လွှတ်တော်သို့ တင်ပြထားကြောင်း အာဏာသိမ်းသမ္မတက ဆိုသည်။
ထို့အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ဆွေးနွေးအတည်ပြုထားသည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁၊ ၂၊ ၃) တို့ကိုလည်း အတည်ပြုနိုင်ရန် ဆောင်ရွက်နေသည်ဟု သိရသည်။
နိုင်ငံခြားရေးကဏ္ဍတွင် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယ၊ တရုတ် နှင့် လာအိုနိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များကို ပြောကြားခဲ့သည်။
အထူးသဖြင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးအတွက် အိမ်နီးချင်းနိုင်ငံကြီးများနှင့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း ဆိုသည်။
တရုတ်နိုင်ငံခရီးစဉ်အတွင်း နားလည်မှုစာချွန်လွှာ (၁၈) ခု လက်မှတ်ရေးထိုးနိုင်ခဲ့သကဲ့သို့ လာအိုနိုင်ငံနှင့်လည်း ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်သို့ မြှင့်တင်ရန် သဘောတူခဲ့ကြောင်း မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
အာဆီယံက ချမှတ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် (၅) ချက် (Five-Point Consensus) သည် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီချက်မဟုတ်ကြောင်းနှင့် အဖွဲ့ဝင်အချို့၏ ခွဲခြားဆက်ဆံမှုကို ခံနေရကြောင်း အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့အပြင် အာဆီယံနှင့် ဆက်ဆံရေးတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်မည့် ခွဲခြားဆက်ဆံမှုများကို လက်ခံမည်မဟုတ်ဘဲ မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့်သာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

အမှန်တကယ်တွင် အဆိုပါ ဘုံသဘောတူညီချက် (၅) ချက်ကို ၂၀၂၁ ခုနှစ် ဧပြီလက အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေးတွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဦးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်သဘောတူခဲ့ခြင်း ဖြစ်သည်။
သို့သော် အဆိုပါအချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်းကြောင့် အာဆီယံက မြန်မာစစ်ခေါင်းဆောင်များကို ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားဆဲ ဖြစ်သည်။
မြန်မာနိုင်ငံကို အာဆီယံ၏ ပုံမှန်အဖွဲ့ဝင်အဖြစ် ပြန်လည်လက်ခံရန် ထိုင်းနိုင်ငံက တွန်းအားပေးမှုများရှိခဲ့သော်လည်း မကြာသေးမီက ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်များကို တက်ရောက်ခွင့်မပြုသည့် မူဝါဒကို ဆက်လက်ကျင့်သုံးရန်သာ ဆုံးဖြတ်ခဲ့ကြသည်။












Leave a Comments