Monday, March 20, 2023

လေယာဉ်မပျံသန်းရ ဇုန် သတ်မှတ်ရေး ဘယ်တော့လဲ

Must read

နိဒါန်း


ဗလာဒီမာပူတင်ဦးဆောင်သော ရုရှားအစိုးရ၏ ကျူးကျော်စစ်အတွင်းမှ ယူကရိန်းပြည်သူများအား ကယ်တင် နိုင်ဖို့အတွက် ယူကရိန်းသမ္မတဇီလန်စကီးသည် “လေယာဉ်မပျံသန်းရ ဇုန်သတ်မှတ်ရေး”အတွက် အမေရိကန် ကွန်ဂရက်တွင်လည်းကောင်း၊ မြောက်အတ္တလန်တီစာချုပ်ပါအစုအဖွဲ့ဖြစ်တဲ့ နေတိုးအဖွဲ့အကြီးအကဲများထံ တွင်လည်းကောင်း လူသိရှင်ကြားတောင်းတောင်းဆိုခဲ့ပါသည်။ သို့သော် ရုရှားကျူးကျော်စစ်တစ်နှစ်ပြည့်ခဲ့ သည့်တိုင် သမ္မတဇီလန်စကီး၏ တောင်းဆိုမှုသည် လက်တွေ့အကောင်အထည်မပေါ်သေးဟု ဆိုရပါမည်။

မြန်မာအာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူများကို ပစ်မှတ်ထားလာ နေပြီး ၎င်းတို့၏ စစ်အာဏာသိမ်းမှုမှုအား ဆန့်ကျင်တော်လှန်နေကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နေရာဒေသ မရွေး၊ အချိန်အခါမရွေး လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်း စသည့် ဝေဟင်ထိုး စစ်ဆင်မှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လာနေပြီဖြစ်သည်။ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ပြီး မြန်မာ ပြည်သူလူထုနှင့် နွေဦးတော်လှန်ရေးအင်အားစုများဘက်မှ ရပ်တည်ထောက်ခံနေကြသော နိုင်ငံတကာအစိုးရ များအနေဖြင့် နှုတ်အားဖြင့် နှစ်သိမ့်ရုံ၊ စာတစ်စောင်ပေတိုက်ရွက် ရိုက်နှိပ်ထုတ်ပြန်ရုံထက် ပိုမိုသော ကာကွယ် စောင့်ရှောင့်မှုများ၊ ထောက်ကူပံ့ပိုးမှုများကို လက်တွေ့ကျကျ ချဉ်းကပ်လုပ်ဆောင်ရတော့မည်ဖြစ်သည်။

No-fly Zone အတွက် ဆန္ဒထုတ်ဖော်

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် အာဏာသိမ်းစစ်အုပ်စု ၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုရန်မှ မြန်မာပြည်သူလူထုနှင့် နွေဦးတော်လှန်ရေးအင်အားစုများ အား လက်တွေ့ကျစွာ အကာအကွယ်ပေးနိုင်မည့် “လေယာဉ်မပျံသန်းရ ဇုန် သတ်မှတ်ရေး” အတွက် တောင်း ဆိုလှုပ်ရှားမှုများနှင့် ကိန်းဂဏာန်းအချက်အလက်များကို လေ့လာတင်ပြသွားပါမည်။

ဖြစ်စဉ်

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်၊ ဝါရှင်တန်ဒီစီမြို့တွင် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အလိုက် မြန်မာတိုင်ရင်းသားများစု‌ပေါင်းကာ အင်အား (၃၀၀)ခန့်ဖြင့် “လေယာဉ်မပျံသန်းရ ဇုန် သတ်မှတ်ပြဌာန်းပေး ရန်” တောင်းဆိုကာ လမ်းလျှောက်ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အရပ်သားပြည်သူများအား ပစ်မှတ်ထားကာ လေကြောင်းအသုံးပြုတိုက်ခိုက်နေသည့် မြန်မာအာဏာသိမ်းစစ် ကောင်စီအား နိုင်ငံတကာဥပဒေများဖြင့် အရေးယူ‌ပေးရန်နှင့် စစ်ကောင်စီ၏ အဓိကဝင်ငွေလမ်းကြောင်းဖြစ် သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကို ဒဏ်ခတ်ပိတ်ဆို့ပေးရန်အတွက် အမေရိကန်အစိုး ရထံ ဆန္ဒပြမြန်မာတိုင်းရင်းသားများက ဟစ်ကြွေးတောင်းဆိုခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF)တို့ သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ရက်တည်းက “မြန်မာနိုင်ငံအတွင်း စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန် သတ် မှတ်ပေးရန်” အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းထံ ပူးတွဲကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့ဖူး သည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ များအား အမှန်တကယ်လိုအပ်နေသူများထံ လွတ်လပ်လုံခြုံစွာ ပေးအပ်နိုင်ရေးအတွက်လည်း ခြိမ်းခြောက် လျက်ရှိသည်ဟု ဆိုပါသည်။

No-Fly Zone အတွက် ဆန္ဒထုတ်ဖော်

အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို လေ့လာကြည့်ပါက စစ်ဘေးရှောင်စခန်း၊ စာသင် ကျောင်း၊ ဘုရားကျောင်းနှင့် ပျော်ပွဲရွှင်ပွဲကအစ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ကို ဒီပဲယင်းမြို့နယ် လက်ယက် ကုန်ရွာ စာသင်ကျောင်းဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်၊ ဖားကန့်မြို့နယ် အနန့်ပါဒေသ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်၊ ဖရူ ဆိုနှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများအား ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်များက သက်သေပြနေ ပါသည်။

ကိန်းဂဏာန်းများ

ရက်အလိုက် ကောက်ယူထားသော မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ ၂၀၂၃ ခုနှစ် ဖေ ဖော်ဝါရီ ၂၁ ရက်အထိ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုရက်ပေါင်း ၂၈၈ ရက်အထိ ရှိခဲ့ပြီး ထိုအနက် ၁၀၄ ရက်သည် အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ကို တွေ့ရပါသည်။ KNU ၊ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)၊ ရက္ခိုင့်တပ်တော်(AA)၊ CNF ၊ တအာင်းလွတ် မြောက်ရေးတပ်(TNLA)၊ ကိုးကန့်တပ်(MNDAA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ် ဦး (ABSDF)၊ KNPP စသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့(ERO)များအား ပစ်မှတ်ထားတိုက် ခိုက်မှုရက်ပေါင်း ၁၂၃ ရက်အထိ ရှိကာ နိုင်ငံတနံတလျားရှိ မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-LD F)များအား ပစ်မှတ်ထားတိုက်ခိုက်မှုရက်ပေါင်း ၆၁ ရက် ရှိခဲ့သည်ကို တွေ့ရပါသည်။

တိုင်းနှင့်ပြည်နယ်အလိုက်လေ့လာကြည့်ပါက အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအများစု သည် ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့အား အများဆုံးပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ဆို ရပါမည်။ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်၊ ရှမ်းမြောက်ဒေသနှင့် မကွေးတိုင်းတို့တွင် လည်း လေကြောင်းတိုက်ခိုက်မှုရက်ပေါင်း ၁၀ရက်အထက် ရှိခဲ့ပါသည်။

BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့ ကြသော အရပ်သားပြည်သူပေါင်း ၅၁၀ ကျော်ရှိနေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ရသူပေါင်း ၆၁၀၀၀ ကျော်အထိ ရှိခဲ့ သည်ကို တွေ့ရပါသည်။

သုံးသပ်တင်ပြချက်

၂ နှစ်ကျော် ကြာမြင့်လာခဲ့သည့် မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းရန် ကြိုးပမ်းနေသည့်ကာလအတွင်း စစ်အာဏာသိမ်းမှုအား နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်နေကြသော မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်လျက် ရှိကြောင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပသော ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး (UNSC)တဆင့် ဆုံးဖြတ်ချက်အမှတ် ၂၆၆၉(၂၀၂၂) ဖြင့် သက်သေပြခဲ့ပြီးဖြစ်သည်။

No-Fly Zone အတွက် ဆန္ဒထုတ်ဖော်နေတဲ့ပုံ

မြန်မာပြည်သူလူထုအ တွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ အပြည့်အဝရရှိရန်အတွက် ဘေးကင်းလုံခြုံပြီး အတားအဆီးမဲ့ ဝင်ရောက်နိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ဆေး ဘက်ဆိုင်ရာ ဝန်ထမ်းများ၏ အကာအကွယ်များ၊ လုံခြုံရေးအစီအမံများ အပြည့်အဝရရှိစေရန်အတွက် ဆုံးဖြတ် ချက်အမှတ် ၂၆၆၉(၂၀၂၂)က တိုက်တွန်းထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦး‌ဆောင်သော အာဏာ သိမ်းစစ်အုပ်စုနှင့် အပေါင်းအပါများအား ပစ်မှတ်ထားပိတ်ဆို့အရေးယူခြင်း၊ ဖိအားပေးခြင်းတို့ကို နိုင်ငံတကာ အစိုးရများအနေဖြင့် အရှိန်မြှင့်လုပ်ဆောင်လာနေသည်ကို တွေ့ရသည်။ သို့သော် မလုံလောက်ဟု ဆိုရပါမည်။

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့အား ဆန့်ကျင်သော လက်နက်မဲ့ပြည်သူလူထုအား ဦးခေါင်းတည့်တည့်ချိန် ရွယ်ကာ ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းမှသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ ရပ်ရွာ အ လိုက်မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း လုပ်ရပ်များအပြင် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခြင်း များကိုပါ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော မြန်မာပြည်သူလူထု နှင့်အတူ ရပ်တည်ထောက်ခံ အားပေးလျက်ရှိသည့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အာဏာသိမ်းစစ် ကောင်စီ၏ လေကြောင်းရန်မှ မြန်မာပြည်သူလူထုကို ကာကွယ်ပေးရန် ချဉ်းကပ်သင့်ပြီဖြစ်သည်။

၁၉၉၁ ခုနှစ်၊ လူမျိုးစုနှင့် ဘာသာရေးအုပ်စုအချို့ တိုက်ခိုက်ခံရခြင်းမှကာကွယ်ရန်အတွက် ကုလသမဂ္ဂကျော ထောက်နောက်ခံမပါဘဲ အီရတ်နိုင်ငံတွင် လေယာဉ်မပျံသန်းရဇုန် နှစ်ခုကို အမေရိကန်နှင့် မဟာမိတ်အဖွဲ့များ က သတ်မှတ်ပြဌာန်းခဲ့ဖူးသည်။

၁၉၉၂ ခုနှစ်တွင် ဘော့စနီးယားလေပိုင်နက်အတွင်း ခွင့်ပြုချက်မရှိဘဲ စစ်ရေးပျံ သန်းမှုများ တားမြစ်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂက အတည်ပြုခဲ့ဖူးသည်။ ၂၀၁၁ ခုနှစ်တွင်လည်း လစ်ဗျားနိုင်ငံတွင် စစ်ရေးအရ ကြားဝင်ဖြေရှင်းမှု၏ အစိတ်အပိုင်းအဖြစ် လေယာဉ်မပျံသန်းရဇုန်ကို ကုလသမ ဂ္ဂလုံခြုံရေးကောင်စီက အတည်ပြုဖူးသည်။

မြန်မာ့အရေးသည် ယူကရိန်းနိုင်ငံအပေါ် ရုရှားအစိုးရ၏ ကျူးကျော်စစ်နှင့် မတူ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ဦးဆောင် စစ်အုပ်စုက တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ထိုသို့စစ်အာ ဏာသိမ်းရန် ကြိုးပမ်းနေခြင်းအား မြန်မာပြည်သူလူထုမှ လက်နက်မဲ့ငြိမ်းချမ်းစွာ ဆန့်ကျင့်ဆန္ဒဖော်ထုတ်ခြင်း မှသည် ရရာလက်နက်စွဲကိုင်တော်လှန်ခြင်းအထိ ရောက်ရှိသွားခဲ့သည့်အတွက် ပြည်တွင်းစစ်အပြန့်ကျယ်ကာ စစ်အရှိန်မြင့်တက်ပြင်းထန်လာခြင်း ဖြစ်သည်။ မြေပြင်အင်အားချိနဲ့လာသော အာဏာသိမ်းစစ်အုပ်စုအတွက် လေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုသာ အားကိုးနေရပြီဖြစ်သည်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဟူသော ဦးတည်လျှောက်လှမ်းနေကြသည့် မြန်မာပြည်သူလူထုနှင့် နွေဦးတော်လှန်ရေးအင် အားစုများအတွက် အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုအန္တရယ်ကို အကာအကွယ်ပေးနိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အလေးအနက်ထား စဉ်းစားသင့်ပြီဖြစ်သည်။

တရုတ်၊ ထိုင်း၊ အိန္ဒိယစသော အိမ်နီးချင်းနိုင်ငံများက နှုတ်ဆိတ်ဆွံ့အနေကြသည့်တိုင် အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု အန္တရယ်မှ မြန်မာပြည်သူလူထုကို ကယ်ထုတ်နိုင်ရန်အတွက် “လေယာဉ်မပျံသန်းရ ဇုန် သတ်မှတ်ရေး”သည် အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း တင်ပြအပ်ပါသည်။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၉၄ မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)

Leave a Comments

- Advertisement -spot_img

Latest article