Thursday, May 30, 2024

၁၉၄၇ ခုနှစ် သျှမ်းပြည်အမျိုးသားညီညွှတ်ရေးနေ့ မှ ယနေ့ညီညွှတ်ရေးဆီသို့

Must read

သျှမ်းပြည် ပင်လုံမြို့မှာ လဲချားစော်ဘွား စဝ်ခွန်နွံ ကမကထ ပြုပြီး ပြုလုပ်ကျင်းပတဲ့ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့က ပင်လုံညီလာခံမှာ စော်ဘွားကိုယ်စားလှယ် ၇ ပါး ၊ လူထုကိုယ်စား လှယ် ၇ ဉီး တန်းတူထိုင်ပြီး လွတ်လပ်ရေးအတူတကွ ရယူဖို့ သျှမ်းပြည်ကောင်စီကို သဘောတူ ဖွဲ့စည်းခဲ့လို့ အဲဒီ့နေ့ကို သျှမ်းပြည်အမျိုးသားနေ့အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

အယ်ဒီတာ့ အာဘော်

အဲဒီ့တုန်းက သဘောတူညီချက်ကတော့ –

(၁) ဖေါ်ဝါရီလ ၇ ရက်နေ့ကို ဖက်ဒရယ်ပြည်ထောင်စုသျှမ်းပြည် ရဲ့ အမျိုးသားနေ့

(၂) ဝါ ၊ စိမ်း ၊ နီ သုံးရောင်ခြယ် အလယ် လဝန်း ကို ဖက်ဒရယ်ပြည်ထောင်စုသျှမ်းပြည် အလံတော်

(၃) ဖက်ဒရယ်ပြည်ထောင်စုသျှမ်းပြည် (နိုင်ငံတော်) သီချင်း
စတာတွေကို သျှမ်းပြည်ကောင်စီ ဉက္ကဌ တောင်ပိုင် စော်ဘွားကြီး ခွန်ပန်းစိန် က လက်မှတ်ရေးထိုး သတ်မှတ်ခဲ့တာပါ။

ထိုစဉ်က သတ်မှတ်တဲ့နေ့ နာမည် ဟာ သျှမ်းအမျိုးသားနေ့ ပါ။ ဉီးနေဝင်း အာဏာသိမ်းအစိုးရ ခေတ်က သျှမ်းပြည်နယ်နေ့ လို့ပြောင်းလဲ သတ်မှတ်ပါတယ်။

၂၀၁၁ တုန်းက ကွယ်လွန်သွားတဲ့ သျှမ်းသံတော်ဆင့် အယ်ဒီတာ ( “ဝ” ဌာနချုပ် ပန်ဆန်းအနီးက မိန်းလိန်းဇာတိ) ‘ဝ’ အမျိုးသား စိုင်းဆိုင်ဇင့် ခေါ် ဉီးစိန်ကြည် ခေါ် တော်လှန်ရေး တေးသီချင်း အဆိုတော် ဆခဟ က ဒီနေ့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ဟာ သျှမ်းနေ့ (ဝၼ်း တႆး/ဝၼ်းၶိူဝ်းတႆး) မဟုတ်ဘူး၊ သျှမ်းပြည်နေ့လဲမဟုတ်ဘူး၊ သျှမ်းပြည်က တိုင်းရင်းသားခေါင်းဆောင် တွေဖြစ်ကြတဲ့ လူထုကိုယ်စားလှယ်၊ ပလောင်၊ ပအိုဝ်း၊ “ဝ” နဲ့ ဓနု စော်ဘွားပါဝင်တဲ့ စော်ဘွားကိုယ်စားလှယ်တွေ စည်းလုံးညီညွှတ်မှုရတဲ့နေ့ဖြစ်လို့ “သျှမ်းပြည်အမျိုးသားနေ့” ဖြစ်သင့်တယ်ဆိုပြီး ၂၀၀၀ ပြည့်လွန်နှစ် ကတည်းက စတင် သုံးနှုန်းလာခဲ့တာပါ။

ဆိုလိုတာက ဒီ ဝါ ၊ စိမ်း ၊ နီ သုံးရောင်ခြယ် အလယ် လဝန်း အလံတော်ဟာ သျှမ်းပြည်ခေါင်းဆောင် တွေ စည်းလုံးညီညွှတ်ကြောင်းကို သက်သေပြတဲ့အလံတော်ဖြစ်တယ်။ ညီညွှတ်ဖို့လဲ ထိုစဉ်က ခေါင်း ဆောင်တွေက လက်တွေ့ လုပ်ဆောင်ပေးလာခဲ့တယ်။

လက်ရှိမှာတော့ အာဏာရှင်တွေ သပ်လျှို ဖြိုဖျက် သွေးခွဲမှုတွေကြောင့် သျှမ်းပြည်တိုင်းရင်းသား လူမျိုးစည်းရုံးညီညွှတ်ပျက်ပြားလာပြီး စစ်အာဏာရှင်ကို တွန်းလှန်ဖို့ မစုစည်းတော့ဘဲ မိမိအဖွဲ့ အစည်းအတွက် မိမိကိုယ်ကျိုးအတွက်သာကြည့်ပြီး ကိုယ်လွှတ် ရုံးလာနေကြတာဟာ ခေတ်အ ဆက်ဆက် စစ်အာဏာရှင် အာဏာတည်မြဲရေးအတွက် အသက်ရှူချောင်ခွင့်၊ အခွင့်ပိုသာစေဖို့ အခွင့်အရေးပေးလိုက်တာပါပဲ။

ပြိုင်တူ တွန်းမှ ရွေ့မည်ဆိုတဲ့ စကားအတိုင်း သျှမ်းတွေမပါဘဲနဲ့ ဒီအရွေ့ ရွေ့နိုင်ကြမလား၊ စစ်အာ ဏာရှင်ကို ပံ့ပိုးမှုဖြစ်စေတဲ့ သျှမ်းခေါင်းဆောင် တချို့တွေရဲ့ လုပ်ရပ်လုပ်ဆောင်ချက်တွေလဲ ပြန်လည်သုံးသပ်သင့်ပြီး သျှမ်းပြည်အမျိုးသားညီညွှတ်ရေးအတွက် မဖြစ်မနေ ဖေါ်ဆောင်ဆောင်ဖို့ သျှမ်းပြည်တိုင်းရင်းသားအားလုံးရဲ့ တာဝန်ဖြစ်ပါကြောင်း သျှမ်းပြည်အမျိုးသားနေ့မှာ အုန်းမောင်း ခေါက် သံတော်ဆင့်လိုက်ပါတယ်။

(သဵင်ၶဝ်ႇႁွၵ်ႈ)
သျှမ်းသံတော်ဆင့်

Leave a Comments

- Advertisement -spot_img

Latest article