စစ်တပ်အာဏာသိမ်းခြင်း ၂ နှစ်ပြည့် ယနေ့ (ဖေဖော်ဝါရီ ၁) ရက်နေ့တွင် တောင်ကြီးမြို့ ဒေသခံပြည်သူများ အသံတိတ်သပိတ် ပါဝင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
လူစည်းကားသည့် တောင်ကြီးမြို့၏ အရှေ့မြို့ပတ်လမ်း၊ မိန်းလမ်း၊ စူဠာမုနိဘုရားနှင့် ပန်းခြံများထဲတွင် လူသွားလူမရှိသည့်အပြင် ဒေသခံပြည်သူများလည်း နေအိမ်အပြင်သို့ မထွက်ရာမှ တမြို့လုံးငြိမ်သက်နေ ကြောင်း တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ တမြို့လုံး တိတ်ဆိတ်နေတယ်။ အရှေ့မြို့ပတ်လမ်းလည်း လူရှင်းတယ်၊ နောက်ပြီးတော့မှ မိန်းလမ်းပေါ်တွေမှာ ကောလူရှင်းတယ်။ မြို့လယ်ခေါင်မှာတော့ လူနည်းနည်းပါးပါးရှိတယ်။ ပြီးတော့ စူဠာမုနိဘုရားတို့ တက္ကသိုလ်တို့ ဖက်ကော လူအတော်ရှင်းတယ်။ ပုံမှန်ရက်တွေလို ဆိုင်ကယ်၊ ကား တဝုန်းဝုန်းသွားတဲ့နေရာမှာ လူတွေ အကုန်ရှင်းတယ်။ အောင်တယ်လို့ပြောရမှာပေါ့ “ ဟု ၎င်းက ပြောသည်။
ထို့အပြင် သျှမ်းပြည်က တောင်ကြီးအပြင် လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင် စသည့်မြို့မှာလည်း အသံတိတ်သပိတ် ပါဝင်ပြုလုပ်နေသလို ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ချင်းမိုင်မြို့တွင် စစ်တပ်မထောက်ခံကြောင်း ဆန္ဒထုတ်ဖော်နေသည်။