သျှမ်းပြည် လားရှိုးခရိုင်၊ ကျောက်မဲ ခရိုင် နှင့် မူဆယ်ခရိုင်တို့မှ CDM ပြုလုပ်သည့် ဝန်ထမ်းများ နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီမှ ရက်ဆက်တိုက် လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် (ဇန်နဝါရီ ၁၅) ရက်တွင် ကျောက်မဲခရိုင် သီပေါမြို့မှ CDM လုပ်သည့် ပညာရေး ဝန်ထမ်း ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ လာရောက် ဖမ်းဆီးသွားကြောင်း အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။
“ကျောင်းဆရာမ ၂ ယောက်ကို စစ်ကား နဲ့ လာဖမ်းသွားတယ်၊ သူတို့ CDM လုပ်ကတည်းက ပုံမှန်အတိုင်းပဲ နေပေမဲ့ အခုမှ ဘာလို့ အဖမ်းခံရလဲဆိုတာတော့ မသိဘူး၊ နမ့်လန်မြို့မှာဆိုလည်း CDM လုပ်တဲ့ ပညာရေး ဝန်ထမ်းတွေ ချည်းပဲ ဖမ်းဆီးခံရတယ်၊ CDM မဟုတ်တဲ့ တခြားလူငယ်တွေကိုလည်း ဖမ်းနေတာတွေ ရှိတယ်” ဟု သီပေါမှ အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်ရှိတွင် သီပေါမြို့ပေါ်မှ CDM လုပ်သည့် ပညာရေးဝန်ထမ်း ၄ ဦးပါအဝင် လူငယ် ၇ ဦးတို့ က ဖမ်းဆီး ခံထားရပြီး သီပေါ ရဲစခန်း အကျဥ်းထောင်တွင် ထားထားကြောင်း သိရသည်။
ဒါ့အပြင် ဇန်နဝါရီလ ၉ ရက်နေ့တွင်လည်း လားရှိုးခရိုင် လားရှိုးမြို့ ရပ်ကွက် (၁၀) သာယာလမ်းနေ CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်း (၄) ဦးနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ်နှစ်ဦးတို့ကိုလည်း စစ်ကောင်စီ တပ်ဖွဲ့မှ လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။
“အခုဆို လားရှိုးမှာလည်း လိုက်ဖမ်းနေတာတွေက ညတိုင်းလိုလို ရှိနေတယ်၊ အခု သတင်းအရဆိုရင် ထွေအုပ်က CDM ဝန်ထမ်း ၂ ဦး၊ ပညာရေး ဝန်ထမ်း ၄ ဦးနဲ့ CDM မဟုတ်တဲ့ တခြား တက်ကြွလှုပ်ရှား လူငယ် ၂ ဦးလည်း ဖမ်းဆီးခံထားရတယ်၊ အားလုံးကို အချုပ်ခန်းမှာထားပြီး ချုပ်ရမာန် ယူထားတယ်လို့ ပြောတယ်” ဟု လားရှိုးမှ အမည်မဖော်လိုသူ ရှေ့နေတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထို့အပြင် ကျောက်မဲမြို့နယ်မှာလည်း CDM သမားတော် တစ်ဦး နှင့် သွား အထူးကု ဆရာဝန်တစ်ဦးတို့ကိုလည်း ယခုလ လယ်ပိုင်းတွင် နေအိမ်အထိ စစ်ကောင်စီတပ်သားတို့မှ လာရောက်ဖမ်းဆီးပြီး အိမ်တွင်းပိုင်းကိုလည်း မွှေနှောက်သွားကြောင်း ဒေသခံ သတင်းပေးပို့ချက်အရ သိရသည်။
သျှမ်းပြည်အတွင်း CDM ပြုလုပ်သည့် ဝန်ထမ်းများသည် လက်ရှိမှာ မြို့/ရွာသို့ ပြန်လည်ဝင်ရောက်နေထိုင်သည့် အတွက် ရပ်ရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများအနေဖြင့် စာရင်းပြုစုပေးရန် စစ်ကောင်စီက ယခုလအတွင်း ကြေညာစာထုတ်ပြန်လာခဲ့သည်။
သျှမ်းမြောက်ရှိ CDM ရှင်းလင်းရေး စီမံချက်ဖြင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုက်ရိုက် ညွှန်ကြားချက်ဖြင့် တပ်အရာရှိများ၊ ရဲများ နှင့် စစ်တပ် သတင်းပေးတို့ ပူးပေါင်းကာ CDM နှင့် တက်ကြွ လှုပ်ရှားသူများကို လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။











Leave a Comments