Sunday, May 26, 2024

မူဆယ်တွင် နေအိမ်မီးလောင်မှု ဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှုများ

Must read

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာအတွင်းတွင် နေအိမ်မီးလောင်မှု ဖြစ်ပွားပြီး ပျက်စီး ဆုံးရှုံးမှုများကြောင်း သတင်းသိရသည်။

မူဆယ် ပန်ခမ်းကျေးရွာနေအိမ်မီးလောင်

ယနေ့ (ဇန်နဝါရီလ ၁၄) ရက် နံနက် ၁ နာရီဝန်းကျင်တွင် ပန်ခမ်းကျေးရွာအတွင်းရှိ နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး တစ်အိမ်လုံးနီးပါး မီးလောင်ကျွမ်းခဲ့ကြောင်း နီးစပ်သည့် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့မနက် လူတွေ အိပ်နေကြတဲ့အချိန်မှာ မီးလောင်မှုဖြစ်ခဲ့တာပါ၊ အိမ်က နှစ်ထပ်အိမ်ပေါ့၊ မီးစလောင်တာက အောက်ထပ်က ဖြစ်တယ်လို့ သိရတယ်၊ အိမ်ရဲ့ အောက်ထပ်က အိမ်ဆိုင်လေး ဖွင့်ထားတာလည်း ဖြစ်တယ်၊ ဘာကြောင့်မီးလောင်ရသလဲတော့ မသိရဘူး၊ မီးညွှန့်ကတော့ တော်တော်ကြီးတယ်” ဟု ဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မီးလောင်မှုကို ဒေသခံများ နှင့် မီးသတ်တပ်ဖွဲ့မှ ရေကားများ ပူးပေါင်းကာ မီးညွှန့်ကို နံနက် ၃ နာရီ ဝန်းကျင်၌ ငြိမ်းသတ်နိုင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ပမာဏများကို စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။

ပန်ခမ်းကျေးရွာ နေအိမ်မီးလောင်

မီးလောင်မှု ဖြစ်ပွားသည့် အိမ်ရှင် လင်မယားနှစ်ဦးသည် မိုင်းဖုန်းဆရာတော် ဖူးမျှော်ရန်အတွက် ခရီးထွက် နေကြခြင်း ဖြစ်ပြီး အိမ်တွင် သမီးနှင့် သားမက်၊ အသက် ၁ နှစ် အရွယ် ကလေးငယ် တစ်ဦး ရှိနေချိန် တွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ မီးလောင်မှု ဖြစ်ပွားခြင်း နှင့် ပတ်သက်ပြီး ပန်ခမ်းကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက လျှပ်စစ်မီးများ ကို ဂရုတစိုက် အသုံးပြုစေလိုကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုအချိန်က လျှပ်စစ်မီးဆိုလည်း လာလိုက်ပျက်လိုက်နဲ့ ခဏခဏဖြစ်တော့ ဝါယာတွေ မီးထိန်းတွေ လည်း မနိုင်လောက်ဘူး၊ တခါလေဆို လျှပ်စစ်မီးပျက်ရာကနေ မီးအား ၂၀၀ ချက်ချင်းလာပြီး ပြန်ဖျက် သွားတာရှိတယ်၊ ဒါကြောင့် အိပ်ခါနီး လျှပ်စစ်မီးပလပ်ပေါက်ဖွင့်ထားတာတို့၊ အားသွင်းထားတာတို့က မလုပ်စေချင်ဘူး၊ အန္တရာယ်များတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာ ထိန်းယူပြီးသည့် အချိန်မှ စတင်ပြီး သျှမ်းပြည် အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီး ပုံမှန်ရရှိမှု မရှိပဲ မကြာခဏ လျှပ်စစ်မီးဖြတ်တောက်ခံနေရသည့် အတွက် ပြည်သူများက အခက်အခဲ ကြုံတွေ့နေရကြောင်းလည်း သိရသည်။

လက်ရှိတွင် လျှပ်စစ်မီးကို တစ်နေ့တာ ၃ နာရီဖြင့် အလှည့်ကျ ပေးနေပြီး တစ်ခါတရံ မီးလုံးဝ မရသည့် နေ့ရက်များလည်း ရှိကြောင်း ဒေသခံများကပြောဆိုသည်။

Leave a Comments

- Advertisement -spot_img

Latest article