သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် လျှပ်စစ်မီး စွမ်းအင်ဝန်ကြီးဌာနမှ ဒေသခံ ပြည်သူများကို တစ်လလျှင် ၂ ကြိမ် မီတာခ ဆောင်ခိုင်းနေသဖြင့် အခက်ခဲ ကြုံတွေ့နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

သီပေါမြို့တွင်း တစ်လတည်း မီတာခ ၂ ကြိမ် ပေးဆောင်နေရပြီး လျှပ်စစ်မီး ၂၄ နာရီ ပုံမှန် လာခြင်းမရှိဘဲ ၃ နာရီခြား ၁ ကြိမ်လာကြောင်း သီပေါမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
လျှပ်စစ်မီတာခ ပေးဆောင်ထားသည့် ပြည်သူများကို အကြွေးကျန်ဟုဆိုပြီး ထပ်မံလာရောက် ကောက်ယူခြင်း ဖြစ်ကြောင်း သိရသည်။
“ မီးလာတာ ၃ နာရီတောင် မပြည့်ဘူး။ မီးတစ်ခါလာပြီးတော့ တစ်ခါပြတ်နေတာ၊ လျှပ်စစ်မီး နဲ့ ထမင်းချက်လို့ တောင်မရဘူး။ လတိုင်း ပုံမှန် မီတာခ ၂ သောင်းကျော် ဆောင်ရတယ်။ အခု မီတာခ ဆောင်ပြီးတာ ၃ လ အကြွေးကျန်၊ ၅ လအကြွေးကျန်တယ်ဆိုပြီး ကျပ် ၄ သိန်း ထပ်တောင်းနေတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက မီတာခ ထပ်ဆောင်ခိုင်းနေစဉ် ယခင်က ဆောင်ပြီးသော မိတာခ ဖြတ်ပိုင်းကို ယူပြီး ဆောင်ထားခြင်း ရှိ၊ မရှိ ကြောင်း သက်သေခံ ပြရသည်ဟု ၎င်းကဆက်ပြောသည်။
ထို့အပြင် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက မီတာခ ဆောင်ပြီးသူကို ထပ်ဆောင်းခိုင်းသည့် ကိစ္စနှင့် ပတ်သက်ပြီး လစဉ် မီတာခဆောင်ထားလျှင် ဖြတ်ပိုင်းကို သေသေချာချာ ထိန်းသိမ်းထားရန် လိုအပ်ကြောင်း သီပေါမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ လတိုင်းပုံမှန် မီတာခ ဆောင်ရင်တော့ မီတာခ ဖြတ်ပိုင်းသိမ်းထားဖို့ လိုတယ်။ မဟုတ်ရင် အကြွေးကျန် တယ်ဆိုပြီး လာတောင်းရင် ပေးရလိမ့်မယ် “ ဟု ၎င်း အမျိုးသမီးက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် သျှမ်းပြည်တွင်း လျှပ်စစ်မီးပုံမှန် လာခြင်းမရှိဘဲ ပြတ်တောက်မှုများလာသလို ထိုမှတဆင့် ရှော့ခ်ဖြစ်ပြီး မီးလောင်မှုများလည်း ဖြစ်ပေါ်နေကြောင်းသိရသည်။












Leave a Comments