Tuesday, April 23, 2024

ငြိမ်းချမ်းရေးနဲ့ PPST ရပ်တည်ချက်

Must read

စစ်ကောင်စီ ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ် ဆွေးနွေးမှု နဲ့ လက်ရှိ PPST ရပ်တည်ချက် ဘယ်လိုရှိလဲဆိုတာကို PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို သျှမ်းသံတော်ဆင့် မြန်မာပိုင်း အယ်ဒီတာ နန်းဆိုင်နွမ်ကတွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ခွန်ဥက္ကာ

မေး။ ။ စစ်ကောင်စီ ဖိတ်ကြားချက်အရ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ကလည်း နှစ်ကြိမ် တိုင်တိုင် တွေ့ဆုံခဲ့တဲ့အပေါ် အားသာချက်၊ အားနည်းချက် တွေ ဘာများရှိပါသလဲ..။


ဖြေ။ ။ တကယ်တော့ စစ်ကောင်စီနဲ့ တွေ့တာက NCA စာချုပ်မှာအတူတကွ လက်မှတ်ထိုးတဲ့ အတွက် တွေ့ဖို့လိုအပ်တဲ့ အတွက် တွေ့တာပါ။ စစ်ကောင်စီဖြစ်လာမှ သူခေါ်လို့ သွားတာမဟုတ်ဘူး။ လွန်ခဲ့တဲ့ (၇) နှစ် က NCA စာချုပ်မှာ အစိုးရသမ္မတဘက်က (၃) ဦးလက်မှတ်ထိုးတယ်။ လွှတ်တော် ဉက္ကဌ (၂) ယောက် လက်မှတ်ထိုးတယ်။ နောက်တစ်ခါ ကျနော်တို့ တပ်မတော်ဦးစီးချုပ်နဲ့ ဒုဦးစီးချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ (၇) နှစ်ထဲက ထိုးခဲ့တဲ့ စာချုပ်ဖြစ်တယ်။ စာချုပ်အရ၊ စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ သူတွေတွေ့ဆုံနွေးဆွေးရမယ်။ လက်နက်ကိုင် ပဋိပက္ခ မဖြစ်ရဘူး။ ထိန်းရမယ်။ကတိရှိရမယ်။ အခုအာဏာသိမ်းတာ၊ မသိမ်းလိုက်တာနဲ့ မဆိုင်ဘူး။


စာချုပ် ကတိကဝတ်အရ ဆွေးနွေးမယ်။ စာချုပ်မှာလက်မှတ်ထိုးထားတဲ့ ပုဂ္ဂိုလ်တွေကကော တပ်မတော်တွေနဲ့ ဆွေးနွေးမယ်လို့ ကျနော်တို့ကသွားတာဖြစ်တယ်။


ပထမတစ်ခါက အတွေ့အကြုံအရ သူတို့တစ်ဖွဲ့ချင်းကို တွေ့ဆုံတဲ့အခါကျတော့ သွားပြီး အကဲစမ်းတာပေါ့။ ဘောလုံးကန်တယ် ဆိုတာ တကယ်ကန်တာမဟုတ်သေးဘူး။ ခြေစမ်းပွဲသွားတာ ဖြစ်တယ်။ ဘာပြောစရာရှိလဲ၊ ဘာနားထောင်ရမလဲ။ သူတို့ဘာအချက်လက်တွေကို တင်ပြမလဲဆိုတာ ကိုယ်ကလေ့လာပြီး အကဲဖြတ်ရတယ်။ ပြီးတော့ သူတို့စိတ်ထဲမှာ ဘာရှိလဲ၊ ကိုယ့်စိတ်ထဲမှာကော ဘာရှိလဲဆိုတာ အပြန်အလှန်ပြောတယ်၊ လွတ်လွတ်လပ်လပ်ပြောတယ်။ အဲ့ဒါကပထမတစ်ခေါက်က အပြီးသွားတာ။ ဆိုလိုတာကတော့ ဒီဆက်သွယ်ရေး လမ်းကြောင်းရှိနေရင် ပြောလို့၊ ဆိုလို့ ရတာပေါ့.။ ရန်ဖြစ်တာနဲ့ဆိုင်ရင်၊ နှစ်ဖက်စစ်တိုက်တာနဲ့ ဆိုင်ရင် ပြောဆိုဆက်ဆံကတော့ ပြည်သူလူထုအတွက် အကျိုးရှိတာပေါ့ အဲ့ဒါကြောင့်နဲ့ ကျနော်တို့ သွားတွေ့ဆုံတာ ဖြစ်တယ်။
ဒုတိယ တစ်ခေါက်မှာတော့ ဒီစစ်ကောင်စီက သူဘာလိုချင်လဲဆိုတာ တည့်တည့်ပဲပြောတယ်။ ဒါလိုချင်တယ်၊ ဒါဖြစ်ချင်တယ်ဆိုတာ တည့်တည့်ပဲ ပြောလိုက်တာ။
ပထမတစ်ခေါက်ကတော့ အကဲစမ်းတာ။ ဒုတိယတစ်ခေါက်ကတော့ သူလိုချင်တာ တည့်တည့် ပြောလိုက်တဲ့ အခါကျတော့ ဖြစ်နိုင်တာလည်း ရှိတယ်၊ မဖြစ်နိုင်တာလည်း ရှိတယ်။ ဒါကြောင့် အများအားဖြင့်တော့ အတူတကွ လုပ်မယ်၊ အကောင်ထည် ဖော်မယ်ဆိုတာတဲ့ သဘောတူချက်ကြီးတော့ မရဘူး။ ဘယ်အဖွဲ့မှ လည်းမရဘူး။ သို့သော် နောက်တွေ့မယ် ဒီကိစ္စတွေ ပြေလည်အောင် ဆက်ဆွေးနွေးမယ်။ နောက်ပြီးတော့ အခုဆိုရင် စစ်ကောင်စီက လိုချင်တာလည်း သိပြီ။ ကျနော်တို့လည်း ပြန်ပြီးတိုင်ပင်ကြည့်မယ်၊ အဲ့သလိုမျိုး တွေ့ပြီးတော့ ပြန်လာကြတာလည်း ရှိတယ်။

ကျနော်တို့ နိုင်ငံရေးပြသာနာကို နိုင်ငံရေးနဲ့နည်းပဲ ရှင်းဖို့၊ ပြန်ပြီးတော့ ကြိုးစားကြပါ။ နိုင်ငံရေး ပြသာနာကို အကြမ်းဖက်နည်းနဲ့ ရှင်းလို့ဆိုရင် မအောင်မြင်ဘူး။ နိုင်ငံရေး ပြသာနာကို နိုင်ငံရေးခေါ်ရှင်းဖို့ တိုင်ပင်မယ်ဆိုရင် တစ်ဖွဲ့ချင်း၊ တစ်ခုချင်း ခေါ်လို့တော့ မရဘူး။ အားလုံးအတူတကွ ပါပြီးတော့ တိုင်ပင်မှရမယ်။ အားလုံးဆိုတော့ ၁၀၀ ရာခိုင်နှုန်း တော့မဟုတ်ဘူး။ ပါသင့် ပါထိုက်တဲ့သူတွေ အားလုံးပါဖို့လိုတယ်။
နောက်ဆုံးတစ်ခုကတော့ အရင်စာချုပ်ထဲမှာ အရပ်သားကို ကာကွယ်ပေးရမယ်။ အဲ့ဒါလည်း ကတိထိုးဖို့ စောင့်ထိန်းကြပါ။ အရပ်သားကို ကာကွယ်ဖို့အတွက်လည်းဘဲ ဝိုင်းလုပ်ကြပါ။ အခုက အရပ်သားကို ကာကွယ်ပေးတာ မရှိဘူး။ အရပ်သားကို ခြေမှုန်းနေတာပဲ ရှိတယ်။ ဒါကြောင့် အရပ်သားကို ကာကွယ်ဖို့အတွက် ကတိထားထားတာ တွေလည်း လိုက်နာကြပါဆိုပြီး ပြောတယ်။

ဒါကြောင့် သွားတာကပဲ အပြစ်သလို၊ သွားတာက ပြသာနာ ဖြစ်သလိုလိုနဲ့ ဖြစ်နေတယ်။ သွားတာက စာချုပ် ၇ နှစ်ရှိပြီ။ စစ်ကောင်စီ ပေါ်လာတာ ၂ နှစ်မပြည့်သေးဘူး။ စစ်ကောင်စီကို အသိအမှတ် ပြုတာလည်း မလုပ်ဘူး။ သူတို့အထင်ကြီးအောင်လည်း မလုပ်ဘူး။ လွန်ခဲတဲ့ ၇ နှစ်က လက်မှတ်ထိုးထားတဲ့ လက်မှတ်ထိုးဖော်၊ ထိုးဖက် အနေနဲ့ သွားတယ်။ လေ့လာနေတဲ့ သူတွေ အဲ့ဒါကိုတော့ အဓိပ္ပါယ် ခွဲတတ်ဖို့တော့ လိုတယ်။
ကျနော်တို့သွားတာ သွားတဲ့အကြောင်းအရင်း လက္ခဏာ ရှိတယ်။ အခုက သွေးပူနေကြတာကိုး.. ရွာတွေတာကို မီးရှို့၊ လူတွေသေတော့ မသွားကောင်းလားပေါ့။ တကယ်တော့ သွားခြင်းအားဖြင့် အဲ့ဒါကို ရအောင်လုပ်ဖို့ နည်းလမ်းက ဒါပဲရှိတော့တယ်လေ။ ကျနော်တို့ မသွားရင် ပိုဆိုးတာပေါ့။ ပိုပြီးတော့ ပြသာနာတတ်မယ်၊ ပိုပြီးတော့ ရှုပ်ထွေးမယ် သွားပြီးတော့ တားနိုင်သလောက် တားရင်ပိုကောင်းပါတယ်။

မေး။ ။ NCA လက်မှတ်ရေးထားတဲ့ အဖွဲ့တွေကော PPST အဖွဲ့ထဲမှာဆိုရင် စစ်ကောင်စီတွေနဲ့ တွေ့ဆုံခဲ့သလို၊ မတွေ့ဆုံတဲ့ အဖွဲ့တွေကော ရှိတယ်။ အဲ့ဒီကြားထဲမှာ သဘောတူညီချက်တွေကော ဘယ်လိုရှိလဲ၊ သဘောထား ကွဲလွှဲမှုတွေက ကော ရှိကြလား။ ဘယ်လိုညှိနှိုင်းကြပါသလဲ။

ဖြေ။ ။ အဲ့ဒါကတော့ သိပ်ကြီးကြီးကျယ်ကျယ် မဖြစ်ပါဘူး။ သူတို့က ၁၀ ဖွဲ့ကတော့ ၁၀ ဖွဲ့ပါ မလျှော့သွားပါဘူး။ ဒီအခု အာဆီယံလိုပေါ့ ၁၀ ဖွဲ့ထဲမှာ ဗမာကဘယ်လောက်ဆိုးဆိုး မြန်မာပြည်က အာဆီယံကနေ မထွက်ပါဘူး ပြောသလိုပေါ့။ ကျနော်တို့ ဆီမှာ ၁၀ ဖွဲ့ထဲမှာ ၇ ဖွဲ့က PPST မှာအလုပ်လုပ်နေတယ်။ လက်ရှိတော့ ၁၀ ဖွဲ့ရှိနေပါသေးတယ်။ NCA ကနေနုတ်ထွက်တယ်၊ NCA စာချုပ်ကနေ ပြစ်ပယ်တယ်ဆိုတာတော့ ဘယ်သူမှမကြေညာသေးဘူး။

အဲ့ဒါဘာကြောင့် NCA စာချုပ်ကြောင့် ရတဲ့အကျိုးအမြတ်လည်း ရှိတယ်။ NCA လက်မှတ်ရေးထိုးတဲ့ အဖွဲ့သည် မတရားသော်လည်းကောင်း၊ အကြမ်းဖက် အဖွဲ့အစည်းအဖြစ်မှ သော်လည်းကောင်း ပယ်ဖျက်ပြီး ဖြစ်စေရမည်လို့ စာချုပ်ထဲပါတယ်။

အဲ့ဒီ အပိုဒ်ကိုပဲ သူတို့ကယူတာ NCA ထိုးတာလို့ မတရားအသင်းလည်း မဖြစ်တော့ဘူး။ နောက်ပြီးတော့ အကြမ်းဖက် အစည်းအဖွဲ့စည်း မဖြစ်တော့ဘူး။ အဲ့ဒါပဲသူတို့က ကိုင်ထားပြီးတော့ ကျန်တာတွေတော့ အဖွဲ့တွေက လိုက်မလုပ်တော့ဘူး။ NCA လက်မှတ်တော့ရှိတယ်၊ မရှိဘူးဆိုရင် အကြမ်းဖက် အဖွဲ့အစည်း လက်မှတ်တံဆိပ် ကပ်မယ်၊ မတရား အသင်းတံဆိပ် ကပ်မှာပေါ့။ မတရားအသင်း တံဆိပ်ကပ်လိုက်ပြီဆိုရင် အခု ကချင် လိုပေါ့၊ သူကလက်မှတ် မထိုးထားတဲ့အတွက် မတရားအသင်း တံဆိပ်ကပ်လိုက်ရတယ်။ အကြမ်းဖက်အဖွဲ့စည်း လက်မှတ်တံဆိပ် ကပ်လိုက်ရတယ်။ သူတို့က အဲ့ဒီလိုမျိုး ကပ်ခံလိုက်ရလို့ရှိရင် သူတို့ကတော့ ဘာမှမဖြစ်ဘူး။

မေး။ ။စစ်ကောင်စီက တစ်ဖက်ကလည်း တိုင်းရင်းသား လက်နက်ကိုင် EAOs တွေနဲ့လည်း စစ်ပွဲဖြစ်နေတယ်။ တစ်ဖက်ကလည်း တိုင်းရင်းသား လက်နက်ကိုင် EAOs တွေကို ဖိတ်ခေါ်ပြီးဆွေးနွေးနေတယ်။ တစ်ခါတစ်လေ စဉ်းစားကြည့်ရမယ်ဆိုရင် စစ်ကောင်စီက တကယ့် ငြိမ်းချမ်းရေးကို လိုလားဆိုတာ ဆရာအနေနဲ့ကောဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးကတော့ တကယ်မလိုချင်ပါဘူး။ အစကတည်းက မလိုပါဘူး။ သို့သော် ဘာကို လိုချင်လဲ ဆိုတော့ တည်ငြိမ်ရေးကိုပဲ လိုချင်တာ။ တည်ငြိမ်ရေးကို လိုချင်တဲ့အခါကြတော့ တည်တည် ငြိမ်ငြိမ် ရှိရင် တပ်မတော်က ယူထားတဲ့ နိုင်ငံရေး အာဏာကို သူတို့ကဆက်ပြီးတော့ ချော့ချော့မွေ့မွေ့ ယူနိုင်တာပေါ့။
အခုက တည်တည်ငြိမ်ငြိမ်မရှိတော့ သူလည်းပဲ နိုင်ငံရေးအာဏာကို လိုချင်တယ်၊ တည်ငြိမ်မှုကို မလုပ်နိုင်တဲ့ အခါကြတော့ တည်ငြိမ်ရေးထိကို ကြိုးပမ်းနေတဲ့ သဘောပဲ။ တကယ့် ငြိမ်းချမ်းရေး အနှစ်သာရ၊ ဒီမိုကရေစီရဲ့ အနှစ်သရကို ဦးထိပ်ထား ပြီးတော့ ဒီကိစ္စကို မရရအောင် မရှုံးလျော့သွားမယ်ဆိုတဲ့ သဘောတော့ မတွေ့ရသေးဘူး။ လျော့ချင်လည်း လျော့မယ်၊ ဒီနှစ်ကုန်ရင်တော့ မပြောတတ်ဘူး။ နောက်နှစ်မှာ ရွေးကောက်ပွဲ အခြေအနေရှိတော့ အကုန်ကို လျော့လိုက်ပြီးတော့ တစ်ခုခုကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်နိုင်အောင် ကြံစည်နေတဲ့ သဘောထားတော့ ရှိတယ်။ ဒီနှစ်ကုန်ထိတော့ အဲ့ဒီသဘောတော့ မတွေ့ရသေးဘူး။

မေး။ ။ ဒါဆိုရင် စစ်ကောင်စီက တတိယအကြိမ် ခေါ်ဆိုမယ့် ဆွေးနွေးပွဲကကော ဆရာတို့ဘက်ကကော ဘာတွေမျှော်လင့်ထားလဲ။

ဖြေ။ ။ တတိယအကြိမ် တွေ့ဆုံပွဲက စုပေါင်းပွဲလုပ်ပါလို့ ပြောတယ်။ ကျနော်တို့လည်း သဘောတူထားတယ်။ ဒါပေမယ့် အခုကမွန်ကလည်း သွားပြီဆိုတော့ ဘယ်လိုသွားရမလဲဆိုတာ မသိသေးဘူး။ ဘာပြန်ပြောရမလဲ မသိ။ မွန်အခုသွားတာက တတိယလို့ပြောလို့ရလား။ ဒါမှ မဟုတ်အကြွေးအကျန်ပဲလား။ ဒုတိယ တစ်ကြိမ် အကြွေးကျန်တဲ့ သူရှိတယ်။

နောက်တစ်ခေါက် ပြန်တိုင်မယ်ဆိုတာတွေပေါ့။ ပြန်တိုင်ပင်မယ့်သူတွေ ပြန်သွားတာလည်း ဖြစ်နိုင်တယ် တတိယမဟုတ်ဘူး။ တချို့အဖွဲ့တွေက ဒုတိယ အကြိမ်မှာ ခရီးစဉ်နှစ်ခေါက် လုပ်ထားတာလည်း ဖြစ်နိုင်တယ်။

ပထမတစ်ခေါက် ခရီးစဉ် ရှင်းရှင်းရိုးရိုး မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ သူတွန်းလိုက်တာ များတော့ ချက်ချင်းပြောရတယ်၊ မျက်နှာပူတော့ ပြန်တိုင်ပင် ပါရစေဆိုပြီးတော့ ပြန်လာတာ။ ဒုတိယ တစ်ခေါက်မှာဘဲ အကြွေးကျန်ထားတဲ့ သူတွေရှိတယ်။ မွန်နဲ့ RCSS သူတို့ပြန်သွားမယ် ဒါတတိယ မဟုတ်သေးဘူး။ အကြွေးအကျန်နဲ့ပဲ သွားတာ တချို့က တတိယတစ်ခေါက်လို့ ထင်တယ်။ အဲ့လိုမျိုးတော့ မဟုတ်ဘူးဆိုတာ သဘောပေါက်မှ ရမယ်။ RCSS ကလည်း သွားမှာပဲ ဒါပေမယ့် သူကသတင်းနားထောင်နေတာပေါ့။ မွန်က အရင်သွားပြီဆိုတော့ သူလည်းပဲ လိုက်မှာပါ။

မေး။ ။ ဟုတ်ကဲ့၊ တတိယ အကြိမ်မှာက တကယ်လို့ဆွေးနွေးမယ်ဆိုရင် စုစည်းပြီးတော့ သွားမယ်လို့ စဉ်းစားထားတယ် ဆုံးဖြတ်ထားတယ် ဆိုတာ ပြောပြပါအုံး။

ဖြေ။ ။ အနည်းဆုံး PPST ခေါင်းစဉ် မတပ်လည်း ဘာမှမဖြစ်ဘူး။ အခုဒီသွားတဲ့ အဖွဲ့က ၇ ဖွဲ့ရှိတယ်။ ဒီဘက်က ၆ ဖွဲ့နဲ့ RCSS နဲ့ဆိုရင်အားလုံးပေါင်း ၇ ဖွဲ့ရှိတယ်။ စုစုပေါင်း ၇ ဖွဲ့အနေနဲ့ စုစည်းပြီးသွားမယ်၊ တစ်ဖွဲ့ချင်းသွားမယ် ဒါမှမဟုတ် ဟိုမှာသွားစုမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ ဒီတစ်ခေါက်တော့ တိုင်တိုင်ပင်ပင်နဲ့ စုစည်းဆွေးနွေးပြီး သွားမယ်။ ပထအကြိမ်ကော၊ ဒုတိယ အကြိမ်ကော သွားတာက ကိုယ့်ကိစ္စနဲ့ကိုယ်သွားတာ။ ကုမ္ပဏီ ထောင်နေလား ကိုယ့်ပြည်နယ်မှာ ဘာလိုချင်နေလဲ ဘာညာ အဲ့ဒီဟာကိုပဲ ပြောတာ။ တိုင်းပြည် ကိစ္စတစ်လုံး ပြောရင် ခင်ဗျားတို့ပြည်နယ်နဲ့ ဘာဆိုင်လဲ ကိုယ့်ကိစ္စနဲ့ကိုယ်ပြော၊ အကယ်၍ စုပြီးသွားရင်တော့ တိုင်းပြည်တစ်လုံးရဲ့ ဆင်းရဲနေတာကို ပြောလို့ရတယ်။

ဖက်ဒရယ်လုပ်ချင်လား ဟော့ဒီလို လုပ်ပေါ့ဗျာ၊ ရှူထောင့် ဆိုရင်လား ဟော့ဒီလို ပြင်လို့ရတယ်။ အခု လူတွေကို လေယာဉ်နဲ့ နှိပ်စက်လိုက်၊ ဗုံးနဲ့ နှိပ်စက်လိုက်၊ ရွာတွေကို မီးရှိုးဖျက်စီးလိုက် ဒီသလိုမျိုး မလုပ်နဲ့ဗျာ။ အုပ်စုနဲ့ဆိုရင် ပြောလို့ရတယ်။ ကိုယ့် ကိစ္စနဲ့ကိုယ်ပြောတော့ ဟောက်လို့ မရတော့ဘူး။ တစ်ဖွဲ့ချင်းသွားရင် အဲ့ဒီကိစ္စကိုပြောရင် ခင်ဗျားတို့နဲ့ ဆိုင်လား သူတို့ကိစ္စဆိုပြီး အဲ့ဒီလို လုပ်တာ။ ဒါကြောင့် အခုစုလိုက်ရင်တော့ ပိုအားရှိတယ်။ ပြောမယ်ဆိုမယ် ဆိုရင်လည်း သူက ဒီတစ်နိုင်ငံလုံးရဲ့ လက်ရှိနိုင်ငံရေးပြသာနာကို ဖြေရှင်းနိုင်တဲ့နည်းလမ်းကို ရှာနိုင်လိမ့်မယ်။

မေး။ ။ နောက်ဆုံးမေးခွန်းအနေနဲ့ လက်ရှိစစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်မှု ရှိတယ်။ တစ်ဖက်မှာ ငြိမ်းချမ်းရေးတွေ ခေါ်ဆောင်နေတယ်။ တကယ်လို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုချင်ရင် စစ်ကောင်စီ အနေနဲ့များ ဘာများလုပ်ဆောင်သင့်ပါသလဲ။

ဖြေ။ ။ အာဏာမသိမ်းသင့်မှန်း သူကသိမ်းတာကို မှားနေပြီ။ ဒါကြောင့် အာဏာသိမ်းတာကိုတော့ ဘယ်သူမှထောက်ခံတာ မရှိဘူး။ အားလုံးက ကန့်ကွက်တယ်။ သူအာဏာသိမ်းပြီးနောက် တစ်ရက်၊ နှစ်ရက်မှာဘဲ ကြေညာချက်ထုတ်တယ်၊ အာဏာသိမ်းတာကို ကန့်ကွတ်တယ် ဘာညာထုတ်တယ်။ သို့သော် ဦးနေဝင်းလည်း အာဏာသိမ်းခဲ့ဖူးတယ်။
ကျောင်းသားတွေ ဆန့်ကျင်တယ်။ ဦးသန်းရွှေလည်း အာဏာသိမ်း ခဲ့ဖူးတယ်။ ရှစ်လေးလုံးတို့ ဆန့်ကျင်တယ်။ အခုက သူလည်းသိမ်း ဒါလည်းပဲ သူများကဆန့်ကျင်တယ်။ ဒါပေမယ့် နှစ်နှစ်ကွာလာတာက ဟို့အရင်တုန်းက အာဏာသိမ်းတယ်၊ ဆန့်ကျင်တယ် ၃ နှစ်လောက်နဲ့ ငြိမ်သွားတာ ရှိတယ်။ အခုချိန်က ၃ နှစ် ၃ လနဲ့ ငြိမ်တဲ့သဘောတော့ မရှိဘူး။ အခုက ၂ နှစ်ပြည့်တော့မယ် ငြိမ်မယ့်အကြောင်းတော့ မရှိသေးဘူး။ မရှိဘူးဆိုတော့ နည်းလမ်းကို ပြန်ရှာရတယ် လူတွေပိုပြီး မဆုံးရှုံးရအောင်၊ အသက်တွေ မသေအောင် နည်းလမ်းက ဆွေးနွေးရမယ့် နည်းလမ်းပဲရှိတယ်။ အဲ့သလို တစ်ဦးနဲ့ တစ်ဦး အမြစ်ဖျက်မယ်၊ အပျက်ရှင်းမယ် ဆိုတဲ့ဟာတွေတော့ ဒို့တိုင်းပြည်ရဲ့ သမိုင်းမှာတော့မလွယ်ဘူး။ ဉပမာ- ဗမာကွန်မြူနစ်ပါတီ တရုတ်ပြည်ကပေးတဲ့ လူကော၊ လက်နက်ကော အပြည့်အစုံ ပေးပြီးတိုက်ကြတာ။ သူဘာပြောလဲဆိုတော့ ဗမာကွန်မြူပါတီက ဘာပြောလဲဆိုတော့ စစ်အနိုင်တိုက်မယ် အာဏာသိမ်းမယ်။ အခု ဗမာကွန်မြူနစ်ပါတီက သမိုင်းမှာရှိတော့တယ် ရှာလို့မရတော့ဘူး။ အဲ့တုန်းက ဘော်လစီ အမှားတွေပေါ့။ အခုတော့ ဘော်လစီအမှားလုပ်လို့မရတော့ဘူး။ ဖြစ်နိုင်ချေရှိတာကိုပဲ စဉ်းစားရတော့မယ်။ ဒါကြောင့် အဲ့ဒီဖြစ်နိုင်ချေ အကြောင်းကို ဖြစ်အောင် မလုပ်နိုင်ဘူးဆိုတော့ တပြည်လုံးမီးလောင်တဲ့ အခါဖြစ်လာမယ်။

Leave a Comments

- Advertisement -spot_img

Latest article