Friday, April 19, 2024

သီပေါမြို့ မြစ်ကမ်းနံဘေးတွင် သေဆုံးနေသည့် အမျိုးသား အလောင်းတွေ့ရှိ

Must read

သီပေါ အအေးပတ်သေဆုံး

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ရှိ သုဓ္ဒဝတီ မြစ်ကမ်းနံဘေးရှိ စန်းမာလာ ဥယာဥ် အနောက်ဘက်တွင် အအေးပတ်ပြီး သေဆုံးနေသည့် အမျိုးသား အလောင်းတွေ့ရှိခဲ့ကြောင်း သတင်းသိရသည်၊၊

ယမန်နေ့ ( နိုဝင်ဘာ ၇) ရက် ည ၈ နာရီဝန်းကျင်တွင် သီပေါမြို့ စန်းမာလာဥယျာဥ် အနောက်ဘက်၌ အမျိုးသား ရုပ်အလောင်း တွေ့ရကြောင်း ဒေသခံများ၏ အကြောင်းကြားချက်အရ သီပေါမြို့ နယ်စည်းမခြား ပရဟိတ အဖွဲ့မှ သွားရောက်သယ်ဆောင်ပေးခဲ့ရကြောင်း တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ကို ဖုန်းဆက်လာတဲ့ အချိန်က မနေ့ ည ၈ နာရီခွဲလောက်ပေါ့၊ ရောက်သွားတော့ အအေးပတ်ပြီး သေဆုံးတဲ့ အနေအထားပါပဲ၊ အသက် ၃၀ ကျော်ဝန်းကျင် အမျိုးသား တစ်ဦးပါ” ဟု နယ်စည်းမခြား ပရဟိတ အသင်းမှ ကိုမျိုး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါ အအေးပတ်သေဆုံး

အဆိုပါ သေဆုံးသူ အမျိုးသားသည် သီပေါမြို့ ဈေးရပ်ကွက်တွင် မိသားစုများနှင့် နေထိုင်သူဖြစ်ပြီး မိသားစုဝင်များက ယနေ့ နိုဝင်ဘာလ ၈ ရက်တွင် မီးသဂြိုဟ် လိုက်ပြီးဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် သီပေါမြို့နယ်အတွင်း၌ အအေးပတ်ပြီး သေဆုံးသွားတဲ့ဖြစ်စဥ်လည်း ရှိခဲ့ဖူးကြောင်း ကိုမျိုးက ဆက်ပြောသည်။

“အခုဆိုရာသီဥတုက တော်တော်ကိုအေးလာပြီ၊ ကျနော်တို့မြို့က မြစ်ရှိတော့ ပိုအေးနိုင်တယ်၊ အရင်ကလည်း အအေးပတ်ပြီး သေသွားတဲ့ သူတွေရှိတယ်၊ ဒါကြောင့် နွေးနွေးထွေးထွေး နေကြပါ၊ ကျန်းမာရေးတွေကို အထူးဂရုစိုက်ကြပါလို့ပြောချင်တယ်” ဟု ကိုမျိုးက ဆက်ပြောသည်။

ထို့အပြင် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ နှင့် မူဆယ်မြို့တွင် အောက်တိုဘာလအတွင်း ပိုင်ရှင်မဲ့အလောင်း စုစုပေါင်း ၁၀ လောင်းထက်မနည်း တွေ့ရှိရကြောင်းလည်း ဒေသတွင်း ပရဟိတသမားများထံမှ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article