Wednesday, April 24, 2024

ကွတ်ခိုင် ဓမ္မကျမ်းစာ ကျောင်းအနီး လက်နက်ကြီးကျပေါက်ကွဲ ၊ ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဓမ္မကျမ်းစာကျောင်းအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သတင်းသိရသည်။

ဓမ္မကျမ်းစာကျောင်း

ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်မှ စတင်ကာ ကွတ်ခိုင်မြို့ အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ ၂၄၁) မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကွတ်ခိုင်မြို့ ရပ်ကွက် (၅) ဘက်သို့ တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

ထို ရမ်းသမ်းပစ်ခတ်မှုကြောင့် ရပ်ကွက် (၅) ရှိ ဓမ္မကျမ်းစာကျောင်းအနီး လက်နက်ကြီးကျ ပေါက်ကွဲမှုကြောင့် တက္ကသိုလ်ကျောင်းသား (၄) ဦး ထိခိုက်ဒဏ်ရာရသွားပြီး တစ်ဦးက စိုးရိမ်အခြေအနေရှိကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဓမ္မကျမ်းစာကျောင်းက ကျောင်းသား အိပ်ဆောင်နား လက်နက်ကြီးကျပြီး ကျောင်းသားလေးဦးမှာ တစ်ဦးက စိုးရိမ်ရတဲ့ ဒဏ်ရာရသွားတယ်၊ ဒဏ်ရာပြင်းသူကို ပရဟိတ အကူညီ နဲ့ ဆေးရုံပို့ထားပြီး ကျန်တဲ့သူတွေကိုတော့ ကျောင်းဆေးပေးခန်း မှာပဲ ကုသထားတယ်” ဟု အမည်မဖော်လိုသူ အထက်ပါ ဒေသခံအမျိုးသား ကပြောသည်။

ထိခိုက်ဒဏ်ရာရသူများသည် အသက် ၁၉ နှစ်မှ ၂၀ ကျော် ဝန်းကျင်ဖြစ်ကြပြီး အဆိုပါ စိုးရိမ်ဒဏ်ရာရ ကျောင်းသားက လည်ဂုတ် ထိမှန်ခြင်းဖြစ်ပြီး ကျန်ကျောင်းသားများက ပခုံးများ နှင့် လက်မောင်းတစ်ဝိုက် ဒဏ်ရာရသွားကြောင်း သတင်းသိရသည်။

ထို့အပြင် စစ်ကောင်စီမှ ရမ်းသမ်းပစ်လိုက်သည့် လက်နက်ကြီးများကြောင့် ဓမ္မကျမ်းစာကျောင်း အပြင် ‌‌မန်အောင် နှင့် ဟွေခုတ်ရွာ တို့မှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများပြောသော် လည်း လူသူ နှင့် နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုများကို သျှမ်းသံတော်ဆင့်မှ သီးခြား အတည်ပြု နိုင် ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက် ညတွင်လည်း ကွတ်ခိုင်မြို့၊ မော်ဟစ်ရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိမှန် ဒဏ်ရာရသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article