Friday, April 26, 2024

လားရှိုးမြို့ အမျိုးသား တစ်ဦး ဓားဒဏ်ရာ အများအပြား ခုတ်ခံရ

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၅ အတွင်း နေထိုင်သည့် အမျိုးသားတစ်ဦး ဓားဒဏ်ရာ အများအပြား ခုတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းအချိန်တွင် ရပ်ကွက် ၅ အတွင်း မန်ကောင်းကျောင်းလမ်း နှင့် ၄၃ လမ်းအနီးမှာ ဓားဖြင့်ခုတ်ခံရပြီး ဒဏ်ရာများစွာရရှိသော လူနာတစ်ဦးကို တွေ့ရှိခဲ့ကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လည်ကုတ်မှာတစ်ချက်၊ ကြောကုန်းမှာ သုံးချက်၊ လက်မှာ နှစ်ချက် ပြီးတော့ လက်မပြတ်တယ်။ အားလုံး ၇ ချက်လောက် ခုတ်ခံထားရတယ်။ ဒဏ်ရာကတော့ တော်တော်ဆိုးဆိုးဝါးဝါးတော့ ရထားတယ် “ ဟု ၎င်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ

အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိသော အမျိုးသားကို လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရှိရသည်။

အလားတူ လားရှိုးမြို့ ရပ်ကွက် (၇) အတွင်းရှိ အလောင်းစည်သူလမ်းတွင်လည်း ယနေ့ အောက်တိုဘာ (၂၅) ရက် မနက် ၆ နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦးက ထိခိုက်ဒဏ်ရာများစွာဖြင့် လဲနေသော အလောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း ဆိုသည်။

“မျက်စိ ဖုရောင်ပြီး နဖူးကွဲတယ်၊ ပါးစောင်ဖုရောင်ပြီး ဦးခေါင်းလည်းကွဲတယ်။ စိုးရိမ်ရတဲ့ ဒဏ်ရာတော့ ရထားတယ်။ လားရှိုးပြည်သူ့ဆေးရုံကြီးကို ပို့ထားတယ် “ ဟု သိရသည်။

ထို့အပြင် ရပ်ကွက် (၅) ထဲရှိ ရေကန်တောင်ဘက်တွင် ယနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က သေဆုံးနေသော ပိုင်ရှင်မဲ့ အမျိုးသားအလောင်းကို ထပ်မံတွေ့ရှိပြီး လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သတင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၀) ရက်တွင်လည်း လားရှိုးမြို့ ရပ်ကွက် (၅) အတွင်း ပိုင်ရှင်မဲ့ အလောင်းတစ်လောင်း တွေ့ရှိခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article