သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဆိုင်ကယ် လုယက်မှုများ၊ယာဥ်တိုက်မှုများ မကြာခဏ ဖြစ်ပွားနေလျက်ရှိကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ မနက် ၅ နာရီ ဝန်းကျင်အချိန်တွင် တာချီလိတ်မြို့ရှိ အာခါဈေးအနီး အသက် ၅၈ အရွယ် အမျိုးသမီးတစ်ဦးထံ ဆိုင်ကယ်တစ်စီး တိုက်မိပြီး ဦးခေါင်း နှင့် ရင်ဘတ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“အသက်၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက အရှိန် နဲ့ အမျိုးသမီးကို လာတိုက်မိတယ်၊ အမျိုးသမီးကိုတော့ ကျနော် တို့က ဆေးရုံတင်ပေးလိုက်တယ်။ ဒဏ်ရာကတော့ သိပ်မစိုးရိမ်ရပါဘူး၊ အမျိုးသားကိုတော့ ယဥ်ထိန်းရဲက ခေါ် သွားတယ်” ဟု တာချီလိတ်မြို့မှ ပရဟိတ လူမှုကူညီရေး အသင်းဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယာဥ်တိုက်မှု

တာချီလိတ်ခရိုင် အမှတ် (၁၂၁) ယာဥ် ထိန်းရဲတပ်ဖွဲ့၏ စက်တင်ဘာလ ယာဥ်မတော်တဆမှု စာရင်းအရ ဇန်နဝါရီလ မှ စက်တင်ဘာလအထိ ယာဥ်မတော်တဆဖြစ်ပွားမှု (၂၇) မှု ဖြစ်ပွားခဲ့ပြီး ကျား ၂၄ ဦး၊ မ ၁ ဦး သေဆုံးရသည့်အပြင် ထိခိုက်ဒဏ်ရာရသူ ကျား ၁၆ ဦး နှင့် မ ၃ ဦးရှိကာ စုစုပေါင်း ထိခိုက်မှု လူဦးရေ ၄၄ ဦး ရှိလာကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ဆန်ဆိုင်း အမှတ် (၂) ရပ်ကွက်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား တစ်ဦးထံကို တခြား ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား နှစ်ဦးမှ (ဓားပြ) ခြိမ်းခြောက်ပြီး ဆိုင်ကယ်ကို လုယူသွားကြောင်း ဒေသခံများက ပြောသည်။

“သူ့ရှေ့ကနေ ဆိုင်ကယ်ကို ဝင်တားပြီး ဓား နဲ့ ခြိမ်းခြောက်ပြီးတော့ ဆိုင်ကယ်ကို လုယူသွားတယ်၊ ဘေးကနေ တွေ့တဲ့သူတွေ ရှိပေမဲ့ သူတို့ လက်ထဲမှာ ဓါးရှိတော့ မဝင်ရဲဘူးလေ၊ သူတို့ယူသွားတဲ့ ဆိုင်ကယ်က Honda Click 130 အမျိုးအစားပါ၊ နှစ်ယောက်လုံးက မျက်နှာဖုံး အုပ်ထားတယ်၊ သူတို့မောင်းသွားတဲ့ လမ်းဘက် စစ်ကောင်စီ ဂိတ်ရှိနေတာတောင် ဘယ်လို လွတ်သွားမှန်းကို မသိဘူး” ဟု တာချီလိတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

တာချီလိတ်မြို့သည် မြန်မာ – ထိုင်း နယ်စပ်မြို့ ဖြစ်သည့်အတွက် လောင်းကစားဝိုင်း အများအပြားရှိပြီး တရားဥပဒေ စိုးမိုးမှု အားနည်းကာ တရားမဝင်လုပ်ရပ်များ၊ သတ်ဖြတ်လုယက်မှုများ ပေါများသည့် မြို့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments