Monday, July 22, 2024

ကျောက်မဲမြို့နယ်စစ်ရှောင်များ ယခုနှစ်ကုန်ပိုင်းမှ နေရပ်သို့ ပြန်မည်ဟု တောင်းဆို

Must read

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် သျှမ်းစာပေ နှင့် ယဉ်ကျေးမှု ခန်းမမှ စစ်ရှောင်များ နှင့် မိုင်းငေါ့မြို့နယ်ခွဲ အတွင်းရှိ စစ်ရှောင်များ (၅၀၀၀) ခန့်သည် ယခုနှစ်ကုန်ပိုင်းမှ နေရပ်သို့ ပြန်မည်ဟု တောင်းဆိုလာကြောင်း သိရှိရသည်။

အောက်တိုဘာလ ပထမပတ်တွင် စစ်ရှောင်ကူညီရေး ကော်မတီများ နှင့် စစ်ရှောင်များက စစ်ကောင်စီမှ နေရပ်ပြန်လည်ပို့ဆောင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့စဉ် စစ်ရှောင်များက လာမည့် ဒီဇင်ဘာလကုန်ပိုင်းမှ နေရပ်သို့ ပြန်မည်ဖြစ်ကြောင်း တောင်းဆိုလာသည်။

နေရပ်ပြန်နိုင်ရန်အတွက် ဒေသတွင်း အခြေအနေစောင့်ကြည့်ပြီး အဆင်ပြေမှ နေရပ်သို့ ပြန်မည်ဖြစ်ကြောင်း ကျောက်မဲ စစ်ရှောင်ကော်မတီဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲ စစ်ရှောင်

“ကျနော် နဲ့ စစ်ရှောင်တို့တွေ ဆွေးနွေးခဲ့တာက ဒီနှစ်ကုန်မှ နေရပ်ကို ပြန်မယ်။ ပြီးတော့ ပြန်မယ့် အချိန်ကျရင်လည်း အခြေအနေအရ ကြည့်ပြီး တိုက်ပွဲဆက်မဖြစ်ရင် ပြန်မယ်။ အခု နေရပ်ပြန်မယ့် ကိစ္စကို စစ်ကောင်စီ လက်အောက်ခံ သက်ဆိုင်ရာ ဌာနကို စာနဲ့တကွရေးပြီး တောင်းဆိုသွားမယ် “ ဟု ၎င်း ကော်မတီဝင် တစ်ဦး က ပြောသည်။

ယခု (အောက်တိုဘာ) လကုန်ပိုင်းတွင် စစ်ကောင်စီ လက်အောက်ခံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်တွင်းနေရပ်စွန့်ခွာသူများကို ပြန်လည်နေရာချထားရန် နှင့် ယာယီခိုလှုံရာ စခန်းများကို ပိတ်သိမ်းရန်အတွက် ညွန်ကြားလာကြောင်း သိရသည်။

ထို့အပြင် နေရပ်သို့ ပြန်ရန်အတွက် ဒေသအတွင်း တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် နေအိမ်များ ပျက်စီးပြီး နေစရာ အိမ်များမရှိကြောင်း မြေမြှုပ်မိုင်းများ ပေါများခြင်းကြောင့် နေထိုင်ရန်အတွက် လုံခြုံမှု မရှိသေးကြောင်း စစ်ရှောင်အမျိုးသား တစ်ဦးကပြောသည်။

“တိုက်ပွဲက အဆက်မပြတ် ဖြစ်နေရင် ကျနော်တို့က ပြန်လို့မရသေးဘူး။ ပြန်ရင်လည်း နေထိုင်ဖို့ အိမ်ကလည်း မရှိတော့ဘူး။ မြေမြှုပ်မိုင်းတွေက မရှင်းလင်းရတာနဲ့ ပြန်ရင်လည်း လုံခြုံမှုလည်းမရှိ၊ အခု စစ်ရှောင်ထားတဲ့ နေရာက လုံခြုံမှု ရှိသေးတယ် “ ဟု ၎င်းစစ်ရှောင်တစ်ဦးက ပြောသည်။

(၂၀၂၁) ခုနှစ် အတွင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကော်စီ၊သျှမ်းပြည်တပ်မတော်(RCSS/SSA) ၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့တွင်းရှိ ကျေးရွာ (၂၈) ရွာ နှင့် အိမ်ခြေ (၅,၀၀၀) မှာ နေရပ်မှ စွန့်ခွာရလာပြီး လက်ရှိအချိန်ထိ စစ်ရှောင်နေရဆဲကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article