Saturday, April 20, 2024

ကျောက်မဲမြို့နယ်က အမျိုးသမီး မိုင်းနင်းမိ ဒဏ်ရာပြင်းထန်ရ

Must read

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ဝါးသွားခုတ်သည့် အမျိုးသမီး တစ်ဦးမှ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း သတင်းသိရသည်။

ယမန်နေ့ အောက်တိုဘာလ ၄ ရက် နံနက် ၉ နာရီခွဲ ဝန်းကျင်တွင် ကျောက်မဲမြို့နယ် တင်းလုံရွာ အရှေ့ဘက် ခြမ်းရှိ ရွာနားစပ် တောအုပ်ထဲ၌ နီးယက်ရန် ဝါးသွားခုတ်သည့် စိုင်းထွန်းကျော် နှင့် နန်းရွှေလင်းတို့ လင်မယား နှစ်ဦးတွင် အမျိုးသမီး ဖြစ်သူ နန်းရွှေလင်းမှ မိုင်းနင်းမိခဲ့သည်။

“ကျနော်တို့နဲ့အတူ တခြား အဖော်တစ်ယောက်ထပ်ပါသေးတယ်၊ ကျနော်တို့က တစ်ယောက်တစ်နေရာစီ လူခွဲပြီး ဝါးရှာတာပေါ့၊ အဲ့တာနဲ့ နန်းရွှေလင်း ဝါးခုတ်တဲ့ နေရာမှာ မိုင်းနင်းမိပြီး သူမခါး၊ ဘောင်၊ လက်မောင်းနဲ့ တင်ပါးမှာ ဒဏ်ရာရသွားတယ်” ဟု ထိခိုက်ဒဏ်ရသူ နန်းရွှေလင်း၏ အမျိုးသား စိုင်းထွန်းကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြေမြှုပ်မိုင်း

မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ နန်းရွှေလင်းကို ကျောက်မဲဆေးရုံသို့ ပို့ဆောင်ရာ ဒဏ်ရာပြင်းထန် သဖြင့် လားရှိုးဆေးရုံသို့ ပြန်လည်လွှဲပြောင်းပေးရကြောင်း သိရသည်။

လက်ရှိတွင် နန်းရွှေလင်းသည် လားရှိုးဆေးရုံ၌ ဆေးကုသမှု ခံယူနေလျက်ရှိပြီး ဆေးကုသမှုများအတွက် ငွေကြေး အခက်အခဲရှိနေကြောင်း စိုင်းထွန်းကျော်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ကျနော်မှာငွေကြေးလုံလောက်မှု မရှိသေးပါဘူး၊ မနေ့က ကျောက်မဲဆေးရုံကို ပို့တဲ့အချိန်မှာလည်း အမျိုးတွေ ဆီက ရသလောက် ကျနော်ငွေချေးပြီး လာခဲ့တာပါ၊ အခု လားရှိုးဆေးရုံရောက်တော့ ဆေးကုသစားရိတ်က ပိုများ မလားပဲ၊ အခုချိန်ထိလည်း ခန္ဓာကိုယ်ထဲ စိုက်ဝင်နေတဲ့ မိုင်းစလည်း မထုတ်ရသေးဘူး” ဟု စိုင်းထွန်းကျော်က ပြောသည်။

ဆေးကုသမှု အသုံးစားရိတ်များအတွက် ဆွေမျိုးများထံမှ ချေးငွေယူခဲ့သော်လည်း လက်ရှိတွင် ဆေးကုသမှု စားရိတ်မလုံလောက်သေးကြောင်းနှင့် ထိခိုက်သူလူနာလည်း သတိမေ့နေကြောင်း စိုင်းထွန်ကျော်က ပြောသည်။

စိုင်းထွန်းကျော် နှင့် နန်းရွှေလင်းတို့သည် ကျောက်မဲမြို့နယ်မှ တင်းလုံကျေးရွာ ဒေသခံများဖြစ်ကြပြီး လက်ရှိတွင် အသက် ၈ နှစ်အရွယ် ကျောင်းနေသမီးတစ်ဦးရှိကြောင်းလည်းသိရသည်။

နန်းရွှေလင်းအတွက် ဆေးကုသမှု စားရိတ် ကူညီလှူဒါန်းလိုပါက ၀၉၄ ၉၂၄ ၁၁၅၈ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါ သည်။

Leave a Comments

- Advertisement -spot_img

Latest article