လွိုင်လိန်းတောင်ခြေတွင် သတ္တုတူးဖော်ရန် မန်ပန် ပြည်သူ့စစ်တပ်ဖွဲ့ ကြိုးစားနေ

0

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နှင့် မိုင်းရယ်မြို့နယ်စပ်ရှိ မိုင်းရယ်ဘက်ခြမ်း လွိုင်လိန်းတောင်ခြေတွင် သတ္တုတူးဖော်ရန် မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့မှ ကြိုးစားနေကြောင်း သတင်းသိရသည်။

သတ္တုတူးရန် လမ်းဖောက်နေသည့်ပုံ

မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့မှ ဦးဆောင်ကာ ခဲသတ္တုတူးဖော်ရန် စီစဥ်နေသည့်နေရာသည် မိုင်းရယ်ဘက်ခြမ်းကျသည့် လွိုင်လိန်းတောင်ခြေအနီးတွင် ဖြစ်ပြီး လက်ရှိတွင် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ မန်အွယ်ရွာ တံတားကို ဖျက်ဆီးပြီး လမ်းများဖောက်လုပ်နေကြောင်း ဟိုယ ကျေးရွာအုပ်စုမှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဘယ်တုန်းကတည်းလာပြီး လုပ်ဆောင်ကြလဲတော့ မသိဘူး၊ ၁၅ ရက်နေ့က သူတို့ဘူဒိုဇာကြောင့် မန်အွယ်ရွာကချောင်းကူး တံတားပျက်သွားခဲ့ရတယ်၊ဘူဒိုဇာကဘယ်ကိုသွားမလဲဆိုပြီး ရွာသားတွေလိုက်မေးတော့ လွိုင်လိန်းတောင်ခြေမှာ သတ္တုတူး ဖော်ဖို့ရှိတယ်၊ အခုက အဲ့အတွက် လမ်းဖောက်နေတာသိရတယ်၊ အဲ့ကနေ ဖြစ်စဥ်နဲ့ ပြုလုပ်သူတွေကို သိရတာ” ဟု ဟိုယ ကျေးရွာအုပ်စုမှ အမျိုးသားတစ်ဦးက ပြောသည်။

ခဲသတ္တုတူးရန်အတွက် ဦးဆောင်ပြုလုပ်နေသူသည် မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့မှအရာရှိတစ်ဦးဖြစ်နေပြီး လက်ရှိလမ်းဖောက် လုပ်နေသော နေရာသည် ဟိုယကျေးရွာအုပ်စုပြည်သူများ မှီခိုသုံးစွဲနေသည့် ချောင်းဦးရေထွက်နေရာဖြစ်ကြောင်း သိရ သည်။

ယင်းကဲ့သို့ ရေထွက်ဦးနေရာဖြစ်သည့်အတွက် ဆက်မလုပ်ဆောင်ရန်နှင့် ရပ်ဆိုင်းပေးရန် ပြည်သူများ တင်ပြတောင်းဆို သော်လည်း အထက်မှ လုပ်ဆောင်ခွင့်ရထားသဖြင့် ဆက်လက်လုပ်ဆောင်မည်ဟု ပြည်သူ့စစ်တပ်ဖွဲ့ဝင် ပြောဆိုခဲ့ ကြောင်း ဟိုယကျေးရွာအုပ်စုမှ ရပ်မိရပ်ဖတစ်ဦးက ပြန်ပြောပြသည်။

“သူတို့တူးနေတဲ့နေရာက ကျနော်တို့ ဟိုယကျေးရွာအုပ်စု တစ်ခုလုံးက လယ်တွေ မှီခိုသုံးစွဲနေတဲ့ ချောင်းဦးရေထွက် နေရာ ဖြစ်တယ်။ ဒါကြောင့် ဆိုင်းငံ့ပေးဖို့ ကျနော်တို့တောင်းဆိုတော့ အထက်ကလုပ်ခွင့်ပေးလိုက်ပြီဖြစ်လို့ ဆက်တူးမယ်။၊ ဘယ်သူတားတားရမှာ မဟုတ်ဘူးတဲ့။အဲ့ကြောင့် ၁၈ ရက်နေ့မှာ ကျနော်တို့ အုပ်စုအတွင်းက ပြည်သူတွေ စုပေါင်းပြီး အစည်းအဝေးလုပ်လိုက်တာ၊ တက်ရောက်သူ ၃၀၀ ကျော်တယ်။ သူတို့ကို ဆက်လက်ကန့်ကွက်သွားမယ်၊ ဒီချောင်းဒီရေ တွေမရှိရင် ကျနော်တို့လယ်တွေ မရှိတော့တာနဲ့အတူတူပဲ” ဟု ၎င်းကပြောသည်။

ဟိုယကျေးရွာအုပ်စုသည် ကျေးရွာပေါင်း ၂၀ ကျော်ရှိနေပြီး အဆိုပါ လွိုင်လိန်းတောင်ခြေ ခဲသတ္တုတူးဖော်မှု လုပ်ဆောင်ဖြစ် ပါက ဟိုယကျေးရွာအုပ်စုအတွင်းမှ လယ်ယာများ ရေမရရှိနိုင်သည့်အတွက် လယ်ဆုံးရှုံးနိုင်ကြောင်း ဒေသခံများက ပြောဆို သုံးသပ်ကြသည်။

လက်ရှိတွင် အဆိုပါ ခဲသတ္တုတူးဖော်မှုကို ကန့်ကွက်ကြောင်းကို သက်ဆိုင်ရာများနှင့် မြို့နယ်ထွေအုပ်ထံသို့ စာတင်နိုင်ရန် အတွက် ဟိုယကျေးရွာ ပြည်သူများ စုပေါင်းလုပ်ဆောင်နေကြောင်းလည်းသိရသည်။

ပေ ၈၇၇၇ မြင့်သည့် လွိုင်လိန်းတောင်သည် သျှမ်းပြည်တွင် အမြင့်ဆုံးတောင်တခုထဲတွင် ပါဝင်သည့် အလျောက် ဆောင်းရာသီနှင့် ပွင့်လင်းရာသီ အချိန်များတွင် တောင်တက်ဝါသနာပါသော ပြည်သူများ၊ တောတောင် သဘာဝအလှ ခံစားလိုသူများက အပန်းဖြေခရီးစဥ်အဖြစ်သွားရောက်လည်ပတ်ကြသည်။

Leave a Comments