သျှမ်းပြည်အတွင်းမှာ စက်တင်ဘာ (၁) ရက်နေ့မှ စပြီး ယနေ့ စက်တင်ဘာ (၂၀) ရက်နေ့ထိ COVID-19 ကူးစက်မှုနှုန်းမြင့်တက်လာသလို ကူးစက်ခံရ၍ သေဆုံးသူ (၂) ဦး ရှိကြောင်း စုံစမ်းသိရှိရသည်။
စက်တင်ဘာ (၁) ရက်နေ့မှစပြီး ယနေ့အထိ လာရှိုးမြို့နယ် ပြည်သူ့ဆေးရုံမှ COVID-19 ကူးစက်ခံရ၍ သေဆုံးသူ အမျိုးသား (၁) ဦးနှင့် တာချီလိတ်မြို့ ပြည်သူ့ဆေးရုံမှ အမျိုးသမီး (၁)ဦး ဖြစ်ပြီး များသောအားဖြင့် ရောဂါအခံရှိသော အသက်ကြီးရွယ်အိုများ ဖြစ်ကြကြောင်း သိရသည်။
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ပြည်သူ့ဆေးရုံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ အသက် (၆၅) နှစ်ရှိ အမျိုးသမီးတစ်ဦးသည် ယနေ့ စက်တင်ဘာ (၂၀) ရက် မနက် (၂) နာရီကျော်ခန့်တွင် ထပ်မံ သေဆုံးသွားကြောင်း ဦးလှမိုးပရဟိတ အသင်းထံမှ သိရသည်။
“တာချီလိတ်မှာက COVID – 19 ရောဂါစဖြစ်တဲ့ချိန်တုန်း လောက်တော့ ဘယ်သူမှမကြောက်တော့ဘူး။ အခုက အပြင်သွားရင်တောင် ဘယ်သူမှ (Mask) မတပ်ကြတော့ဘူး။ COVID – 19 ရောဂါ ဆိုရင် မစိုးရိမ် တော့တဲ့ အခြေအနေဖြစ်သွားပြီ” ဟု တာချီလိတ်မြို့ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်အာဏာသိမ်းပြီး (၁) နှစ်ကျော်ကာလမှာ COVID – 19 ရောဂါ ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများ ဆန်းစစ်ချက်အရ COVID – 19 ရောဂါဖြစ်ပွားသူများ၏ (၈၀) ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝ ထိုးနှံထားခြင်း မရှိကြောင်းသိရသည်။
“ကျမက နှစ်ကြိမ်ထိုးပြီးပြီ။ တစ်ကြိမ်မှ ကာကွယ်ဆေးမထိုးရသေးတဲ့ သူလည်း တချို့ ရှိတယ်။ ကာကွယ်ဆေးထိုးဖို့ ခက်ခဲတာက ပိုက်ဆံပေးပြီး ထိုးရရင် တချို့တွေက မတတ်နိုင်တော့ မထိုးကြဘူး“ ၎င်း အထက်ပုဂ္ဂိုလ် တစ်ဦးက ထပ်လောင်းပြောသည်။
COVID – 19 ရောဂါ စောင့်ကြပ် ကြည့်ရှုမှု အခြေအနေအရ စက်တင်ဘာ (၁၇) ရက် ည ၈ နာရီမှ စက်တင်ဘာ (၁၈) ရက် ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၂၃၄) ဦးမှာ မြို့နယ်အလိုက် ထပ်မံတွေ့ရှိကြောင်း စက်တင်ဘာ (၁၉) ရက်တွင် စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ယင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၂၃၄) ဦး၏ မြို့နယ်အလိုက်မှာ သျှမ်းပြည်အတွင်းမှ လူနာသစ် (၅) ဦးနှင့် သေဆုံးသူ (၁) ဦး စုစုပေါင်း (၆) ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။