Wednesday, April 24, 2024

သီပေါမြို့နယ် လောင်းကစားဝိုင်း မှာ ဓားခုတ်မှုဖြစ်ပွား

Must read

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တုံစင့်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာတွင် လောင်းကစားဝိုင်းတစ်ခု၌ ဓားခုတ်မှု ဖြစ်ပွားခဲ့ပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ ရက်တွင် ရွာသစ်ကျေးရွာအနီးရှိ ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ လောင်းကစားဝိုင်း တခုတွင် တုံစင့်ကျေးရွာသား တစ်ဦးက လောင်းကစားဝိုင်း ဒိုင် ဟုယူဆသူကို ဓားခုတ်ခဲ့ကာ လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တုံစင့်ကျေးရွာသားတစ်ဦးက လောင်းကစားဝိုင်းက ခုံတစ်ခုံမှာ ဒိုင်လို့ ယူဆတဲ့သူကို ဓားနဲ့ခုတ်လိုက်တာ။ ဓားခုတ်လိုက်တော့ ၂ ဦး လောက် ဒဏ်ရာရသွားတယ်။ တစ်ယောက်ကတော့ လားရှိုးဆေးရုံမှာ၊ ကျန်တစ်ယောက် ကတော့ သီပေါဆေးရုံမှာပဲ ရှိတယ်” ဟု သီပေါမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သီပေါမြို့

အဆိုပါ ဖြစ်ရပ်ကြောင့် ရွာသစ်ကျေးရွာတွင်းရှိ လောင်းကစားကို ပိတ်သိမ်းလိုက်ပြီး လက်ရှိမှာ ဘော်ကြို ကျေးရွာ အုတ်ကွင်း သို့ ပြောင်းရွေ့သွားကြောင်း သိရသည်။

ထိုအပြင် လောင်းကစားဝိုင်းကြောင့် ညတိုင်းနီးပါး ရန်ဖြစ်ပွားမှုများလည်းရှိကြောင်း ၊ ခိုးယူလုယက်မှုလည်း များလာသောကြောင့် ဒေသခံ ပြည်သူများ စိုးရိမ်နေရကြောင်း သိရသည်။

“ဓားခုတ်မှု ဖြစ်ပြီးတော့ အခုတော့ ပိတ်လိုက်ပြီ။ ဘော်ကြိုကျေးရွာ အုတ်ကွင်းဘက်ကို ပြောင်းသွားဖွင့်လိုက်ပြီ။ သီပေါမှာက ညတိုင်းလိုလို ရန်ဖြစ်မှုတွေရှိနေတယ်။ ပြီးတော့ သူခိုးလုယက်မှုတွေကလည်း အရမ်းများတယ်။ ကျနော်တို့ ပြည်သူ အများစိတ်ပူနေရတယ်။ စိုးရိမ်ပြီးနေရတယ်” ဟု သီပေါမြို့ က ဒေသခံတစ်ဦးက ပြောသည်။

ဘော်ကြိုကျေးရွာတွင် လောင်းကစားကို ကြီးကျယ်စွာလုပ်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများကိုလည်း အရေးယူ ဖမ်းဆီးမှုများမရှိသည့်အပြင် သျှမ်းပြည်အတွင်း လောင်းကစားဝိုင်း၊ မူးယစ်ဆေးဝါး၊ ခိုးယူလုယက်မှုက တရက်ထက် တရက် ပိုများလာသည်။

Leave a Comments

- Advertisement -spot_img

Latest article