Friday, April 26, 2024

ရွာငံမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ လုံခြုံရေးဖွဲ့ရန် နှိုးဆော်တိုက်တွန်းနေ

Must read

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းတွင် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက် နှင့် ကျေးရွာအလိုက် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန်အတွက် နှိုးဆော်တိုက်တွန်းမှု ရှိနေကြောင်း သတင်းသိရသည်။

ယခု သြဂုတ်လ တတိယပတ်အတွင်း၌ စစ်ကောင်စီတပ်သားများသည် လမ်းပြ သတင်းပေးသူ (ဒလန်) နှင့်အတူ ကျေးရွာများ အတွင်း လှည့်လာကာ ရွာသားများအနေဖြင့် PDF များနှင့် မပတ်သက်ကြရန်၊ လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန် နှိုးဆော်မှု ပြုနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၂၀ ရက်မှာ PDF တွေနဲ့ မပတ်သက်ကြဖို့ စစ်သားတချို့နဲ့ သူတို့ ဒလန် ဗျူစောထီးတွေက လာခြိမ်းခြောက်တယ်၊ ပြီးတော့ PDF က အကြမ်းဖက်တပ်ဖွဲ့ဆိုပြီး ရပ်ရွာလုံခြုံရေးအဖွဲ့ ဖွဲ့ကြပါတဲ့၊ PDF တွေနဲ့ ဆက်စပ်တဲ့သူ ဒါမှ မဟုတ် PDF သတင်းပေးနိုင်တဲ့သူ ဆုချမယ်လို့လည်း ပြောသွားတယ်” ဟု ကြုံတွေ့ ရသည့် နာဘန်းကြီးကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

ရွာငံမြို့

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှာလည်း နာဘန်းကြီးကျေးရွာက အသက် ၄ဝ အရွယ် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့ပြီး၊ အိမ်ကိုလည်း မီးရှို့သွားခဲ့ကြောင်း သတင်း သိရသည်။

လက်ရှိတွင် ဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့တို့ ရှိနေကြသော်လည်း ခိုးယူလုယက် ဖောက်ထွင်းမှုများနှင့် ပစ္စည်းများ ပျောက်ဆုံးမှု၊ ဒေသခံများ ရိုက်နှက်ဖမ်းဆီးခံရမှု၊ သတ်ဖြတ်ခံရမှု စသည့် ဖြစ်စဥ်များ နေ့စဥ်ရှိနေကြောင်း ဒေသခံများကပြောသည်။

“ကျနော်တို့ ဒေသမှာ စစ်ကောင်စီတွေ ရှိနေလို့ပဲ မလုံခြုံသလို ခံစားနေရတာ၊ သူတို့တပ်ဖွဲ့က ရွာမှာ စခန်းချနေပေမဲ့ သူခိုးတွေက သောင်းကျန်းနေတယ်၊ ပြီးတော့ သူတို့ အမြင်ကတ်ပုဒ်မနဲ့ ဖမ်းနေတဲ့ ရွာသားတွေလည်း မနည်းတော့လို့ ကျန်နေတဲ့သူလည်း ကြောက်နေကြတယ်” ဟု အမည်မဖော်လိုသူ ဒေသခံက ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီလက်အောက်ခံ ရပ်ရွာလုံခြုံရေးအဖွဲ့ ဖွဲ့ရန် ညွှန်ကြားမှုသည် ပြည်သူများအချင်းချင်း အမြင်သဘောထားကွဲလွဲကြစေရန် စစ်ကောင်စီတို့၏ လုပ်ဆောင်ချက်ဖြစ်ကြောင်းလည်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။

စစ်အာဏာသိမ်းပြီး လက်ရှိအချိန်ထိ ရွာငံမြို့နယ် နာဘန်းကြီးရွာတွင် စစ်ကောင်စီဖမ်းဆီးသွားသည့်သူ အယောက် ၃၀ ကျော်ရှိနေပြီး၊ မီးရှို့ခံရသည့် အိမ်ပေါင်း ၁၀ အိမ်ကျော်အထိ ရှိနေသည့်အပြင် စစ်ကောင်စီ သတ်ဖြတ်ခဲ့သည့် ဒေသခံများ ၁၀ ဦးကျော် ရှိနေကြောင်းလည်း သတင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article