သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှ အမျိုးသမီး ဝန်ထမ်း တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခံရပြီးနောက် ငွေကြေးပေးပြီး ခံဝန်လက်မှတ်ရေးထိုးကာ ပြန်လည်လွှတ်ပေးကြောင်း စုံစမ်းသိရသည်။

သြဂုတ် ၆ ရက် ည ၄ နာရီ ဝန်းကျင်တွင် အဆိုပါ အမျိုးသမီး ဝန်ထမ်းကို အရပ်ဝတ်စစ်ကောင်စီများက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားပြီး ယမန်နေ့ သြဂုတ် (၇) ရက်မှာ ခံဝန်ထိုးပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
“မနေ့က သူတို့ ပြန်လွှတ်ပေးလာပြီ။ ခံဝန်ထိုးခိုင်းတယ်။ ပြီးတော့ ငွေကြေးလည်း ပေးရတယ်။ ဘယ်လောက် ပမာဏ ပေးရလဲတော့ မသိရဘူး” ဟု တောင်ကြီးဒေသခံ အမျိုးသမီး တစ်ဦး ကပြောသည်။
အဆိုပါ အမျိုးသမီး သည် (ပန်ဆယ်လို) ပိုစ့်အောက်တွင် ကော်မန့်ဝင်ရေးသားသောကြောင့် အရပ်ဝတ်စစ်ကောင်စီ ၂ ဦး က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု တောင်ကြီးဒေသခံအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ပန်ဆယ်လို ပိုစ့်အောက်မှာ ( ပျော်တယ်ဝေ့ ) ဆိုပြီး မန့်လို့ ၊ အဲ့မှာတင်ပြီး မကြာဘူးဖမ်းသွားတယ်။ သူကအလုပ်သမား နေ့စားလပေးနဲ့ ဝင်တာ၊ အလုပ်ဝင်တာ မကြာသေးဘူး ။ လူနှစ်ယောက်လာတယ် မေးစရာရှိတယ်ပြောပြီး ဖမ်းသွားတယ် “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် (Social Media) အွန်လိုင်းပေါ်တွင် နိုင်ငံရေးနှင့်ပတ်သက်သော ပိုစ့်များ ဖြစ်စေ၊ မိမိအပျော်သဘော ဖြင့် ဆယ်လီပိုစ့် အောက်တွင် မန့်သည်ဖြစ်စေ နေရာတိုင်းတွင် သတင်းပေးဒလန်များရှိ နေသောကြောင့် မိမိတို့ လုံခြုံရေးအတွက် သတိထားရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။
“ အဓိက ပြောချင်တာက ပြည်သူတွေသတိထားဖို့နဲ့ ဆယ်လီတွေရဲ့ ပိုစ့်အောက်မှာ မန့်တာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ဘေးမှာ ဒလန်တွေကို သတိထားဖို့၊ မတရားဖမ်းနေရတာ များလာတော့ ( Social Media ) ကိုသတိထား သုံးဖို့လိုအပ်ပါတယ် “ ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် သြဂုတ် (၂) ရက်တွင်လည်း သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ထဲတွင် လူစုဝေးခြင်း၊ လူ ၅ ဦး ထက်ပိုပြီး လူမစုရခြင်း၊ ည ၁၂ နာရီ မှ မနက် ၄ နာရီထိ အပြင်မထွက်ရ ပုဒ်မ ၁၄၄ ကို ထပ်မံထုတ်ပြန် ကြေညာခဲ့သည်။












Leave a Comments