Friday, May 3, 2024

မိုးဗြဲမြို့ စစ်ကောင်စီလက်နက်ကြီး တစ်ဖက်သတ်ပစ်ခတ် အမျိုးသမီးတစ်ဦး သေဆုံး

Must read

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် ယနေ့ (ဇူလိုင် ၂၅) ရက် နေ့လည် ၃ နာရီ ဝန်းကျင်တွင် စစ်ကောင်စီ၏ တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်ကြီးသည့် အမျိုးသမီး တစ်ဦး လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

အဆိုပါ အမျိုးသမီးသည် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စက်တော်ရာဘုန်းကြီးကျောင်းသို့ စစ်ဘေးခိုလှုံရန်သွားချိန်တွင် ကျောင်းဝန်းထဲ လက်နက်ကြီးကျပြီး ၎င်းအမျိုးသမီးကို ထိမှန်ခဲ့ကာ သေဆုံးသွား ကြောင်းသိရသည်။

“၃ နာရီဝန်းကျင်လောက်ကဖြစ်သွားတာ။ အဖွားက စစ်ဘေးကို ခိုလှုံဖို့သွားနေတဲ့ ချိန်မှာ လက်နက်ကြီး ထိပြီးတော့ သေသွားတာပါ။ လက်နက်ကြီး က ကျောင်းဝန်းထဲကျတာ။ ဒဏ်ရာက များတယ်။ တစ်နေရာ ထဲထိတာ မဟုတ်ဘူး။ ပြီးတော့ အဖွားက အသက်ကြီးပြီလေ” ဟု Mobye Rescue Team တာဝန်ရှိသူက သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်နက်ကြီး ထိမှန်သေဆုံးသွားသည့် အမျိုးသမီးသည် အသက် ၇၀ အရွယ်ရှိကြောင်း သိရသည်။

လက်နက်ကြီး ထိမှန်သေဆုံးသူ

ထိုအပြင် လက်ရှိအချိန်ထိ စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေကြောင်း၊ ထိခိုက်ဒဏ်ရာ ရသူများလည်း ထပ်ရှိနိုင်သေးကြောင်း သိရသည်။

“ အခုချိန်ထိတော့ နှစ်ဦးနှစ်ဖက် ပစ်ခတ်တဲ့ တိုက်ပွဲတော့ မဖြစ်သေးဘူး။ စစ်ကောင်စီဘက်ကပဲ ပစ်နေတာ။ PDF တွေနဲ့တော့ တိုက်ပွဲမဖြစ်သေးဘူး။ အခြေနေက ထပ်ဆိုးလာနိုင်တယ်။ ထိခိုက်တဲ့သူတွေလည်း ဒီတစ်ယောက်ထဲ မက ရှိနိုင်ပါတယ်။ ကျနော်တို့ သွားမကူညီနိုင်သေးတဲ့ဒေသတွေဖြစ်နေပါတယ်” ဟု Mobye Rescue Team က ထပ်လောင်းပြောသည်။

ထို့အပြင် ယနေ့တွင် စစ်ကောင်စီက မိုးဗြဲမြို့ထဲ စစ်အင်အား ဖြည့်တင်းနေလျက်ရှိကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ ဒီနေ့ ထူးခြားမယ်လို့တော့ သိထားနေတယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီက မိုးဗြဲမြို့ထဲကို စစ်အင်အားဖြည့် လာနေတာကိုတွေ့ရတယ်” ဟု မိုးဗြဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မိုးဗြဲမြို့တွင် ယနေ့ည အခြေအနေဆိုးလာနိုင်သည့်အတွက်ကြောင့် ပြည်သူများအနေဖြင့် အပြင်မထွက်ရန် Mobye Rescue Team က တိုက်တွန်းပြောဆိုလိုက်သည်။

Leave a Comments

- Advertisement -spot_img

Latest article