သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့ ဒေသခံ အမျိုးသားတစ်ဦး အသတ်ခံရပြီး ၎င်း၏ ခြံထဲ ပစ်ထားခံရကြောင်း စုံစမ်းသိရှိရသည်။
ယမန်နေ့ ဇူလိုင် (၅) ရက် မနက် (၅) နာရီအချိန်တွင် ရပ်ကွက် (၃) နေ အမျိုးသားတစ်ဦး သတ်ခံထားရပြီး ရုပ်အလောင်းကို ၎င်း၏ ခြံထဲတွင် ပြန်ရှာတွေ့ ခဲ့ကြောင်း သိရသည်။
“သူက မနက် (၄) နာရီလောက် သူခြံထဲသွားလိုက်တာ။ (၅) နာရီကျတော့ သူ့ရုပ်အလောင်းကိုပဲပြန်တွေ့တယ်။ သူ့လည်ပင်းကို ဖြတ်ခံထားရတာ။ ဘယ်သူက လာသတ်သွားလဲတော့ မသိဘူး” ဟု ခိုလမ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ အမျိုးသားသည် မည်သည့်လက်နက်ကိုင်မှ လာရောက်သတ်သွားသည်ကို မသိရှိရသည့်အပြင်၊ လာရောက်သတ်သည့်အကြောင်းရင်းလည်း မသိရှိရသေးပေ။

သတ်ခံရသည့် အမျိုးသားသည် မိုင်းပန်သား ဖြစ်ပြီး ခိုလမ်မှ အမျိုးသမီး နှင့် လက်ထပ်ထိမ်းမြားခဲ့ကာ လာရောက်နေထိုင်သူဖြစ်ကြောင်း သိရသည်။
“အခုချိန်ထိတော့ ဘယ်သူက သူ့ကိုသတ်သွားလဲ မသိရသေးဘူး။ ဘာကြောင့် သတ်ခံရလဲဆိုတာကိုလည်း မသိရသေးဘူး။ သူက ဒီခိုလမ်က ဇာတိ မဟုတ်ဘူး။ မိုင်းပန်က နေလာတာ။ ဒီနားမှာ သူ့မိန်းမနဲ့ အတူလာနေတာ” ဟု အထက်ပါ အမျိုးသားက ပြောသည်။
ထိုအမျိုးသား ရုပ်အလောင်းကိုလည်း ယမန်နေ့တွင် မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးရှုပ်ထွေးလာပြီး၊ ပြည်သူများအတွက် လုံခြုံမှုမရှိတော့ကြောင်း သိရသည်။ ထိုအပြင် အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာတွင် ပြည်သူများက မိမိလုံခြုံရေးအတွက် မိမိကိုယ်ကိုယ့် တာဝန်ယူနေရကြောင်း သိရသည်။












Leave a Comments