သျှမ်းပြည်လူထုမျက်ရည်စ လျှပ်စစ်ဓါတ်အားထုတ်ရေကာတာက

“ကျနော်တို့ ဘယ်ကိုပြောင်းရမယ်ဆိုတာကိုတော့ မသိသေးဘူး။ ကုမ္ပဏီကလည်း ခုထိ ဘာမှအကြောင်းမကြားသေးဘူး။ စိတ်ပူမှုတော့ရှိတာပေါ့” လို့ လီလုကျေးရွာမှ စိုင်းဝင်း က ပြောပါတယ်။


လီလုကျေးရွာဟာ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ တာတေကျေးရွာအုပ်စုအတွင်းမှာ တည်ရှိတဲ့ကျေးရွာ တခုဖြစ် ပါတယ်။


Natural Current Energy Hydropower Co,Ltd နဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားစီမံရေးဦးစီး ဌာနတို့အကြား ကျောက်မဲခရိုင် သီပေါမြို့နယ် နမ္မတူမြစ်ပေါ် မှာ အကောင်အထည်ဖော်တည်ဆောက်မယ့် နမ္မတူ (သီပေါ) ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ပဋိညာဥ်စာချုပ်ကို ဧပြီ ၂၉ ရက်နေ့တုန်းက လက်မှတ်ရေးထိုးခဲ့ ပါတယ်။

နမ္မတူ (သီပေါ) စီမံကိန်းဆိုင်ရာ ပဋိညာဉ်စာချုပ်လက်မှတ်ရေးထိုးစဉ် (ဓာတ်ပုံ-MOEE)

ရေကာတာစီမံကိန်းအတွက် ခန့်မှန်းခြေ ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၄၃၆.၂၈ သန်းခန့်ကုန်ကျမယ်လို့ မတ် ၁၄ရက် ၂၀၂၀ ခုနစ် သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နမ္မတူ(သီပေါ) ရေအားလျှပ်စစ်စီမံကိန်း က ၂၁၀ မဂ္ဂဝပ် ထုတ်လုပ်နိုင်မှာဖြစ်ပြီး၊ စီမံကိန်းနေရာနဲ့ အနီးဆုံးကျေးရွာ ဖြစ်တဲ့ လီလုကျေးရွာ ရေနစ်မြုပ်နိုင်တဲ့အကြောင်းလည်း ပတ်ဝန်းကျင်နဲ့လူမှုရေးဆိုင်ရာ ထိခိုက်မှုများဆန်းစစ်ခြင်းလုပ်ငန်း (EIA/SIA)၊ ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှု အစီအစဥ် (EMP) တွက်ချက်ဖော်ထုတ်ခြင်းလုပ်ငန်းများ ကို MyAsia Consulting Co,Ltd. ထုတ်ပြန်ထားပါတယ်။


လက်ရှိအချိန်ထိ ကုမ္ပဏီဘက်မှ စီမံကိန်းနဲ့ပတ်သက်ပြီး ပြောင်းရွှေ့ရမယ့်ကိစ္စကို တစ်စုံတရာမှ ပြောဆိုလာတာ မရှိသလို ရွာသားဘက်မှလည်း ရွှေ့ပြောင်းဖို့ အခုထိ ပြင်ဆင်ထားခြင်းမရှိသေးကြောင်း စိုင်းဝင်း ဆိုပါတယ်။


“ မတော်တဆ ဆည်ကြီးကျိုးခဲ့ရင်တော့ တာတေနဲ့ လီလုတော့ ရေအောက် ရောက်သွားနိုင်တယ် ဆိုတာတော့သိတယ်။ အဲ့လိုတွေ ဖြစ်လာမှာတော့ စိုးရိမ်တာပေါ့၊ ကျနော်တို့ဒေသက စိုက်ပျိုးရေးကိုပဲ လုပ်ကိုင်ကြတာဆိုတော့ ရေလွှမ်းသွားရင် လုပ်လို့မရတော့ဘူး၊ ရွာသားတွေ ရွှေ့ပြောင်းဖို့တွေ အခုထိ ပြင်ဆင်ထားတာ မရှိဘူး” လို့ စိုင်းဝင်း တယောက် စိုးရိမ်တဲ့လေသံနဲ့ ပြောလာပါတယ်။


ရေကာတာ စတင်တည်ဆောက်လာပုံ


ရေကာတာတည်ဆောက်မည့် Natural Current Energy Hydropower (NCEH) ဟာ ကို ၂၀၁၃ ခုနစ် သမ္မတ ဦးသိန်းစိန် လက်ထက်မှာ မှတ်ပုံတင်ခဲ့ပြီးပြင်ဆင်ခဲ့ကြပေမယ့် ၂၀၁၆ ခုနစ်တွင် ကုမ္ပဏီမှ ခွင့်ပြုမိန့်မကျသေးဘဲ အစမ်းသပ်ကာလ ဟုဆိုကာ သစ်ပင်များကို စတင်ခုတ်ပြီး အဆောက်အဦးများ တည်ဆောက်ခဲ့ပါတယ်။

credit SHRF


NCEH ကုမ္ပဏီ ဟာ “ဝ”ငြိမ်းချမ်းရေးအဖွဲ့ အမည်ခံပြီး တရုတ်နိုင်ငံသားတွေပိုင်ဆိုင်ပြီး၊ တရုတ်ပညာရှင်တွေ လာရောက်ဆောက်လုပ်နေတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံဖြစ်ပါတယ်။


“အစိုးရ အပြောင်းအလဲ ကာလမှာတော့ စီမံကိန်းဟာ နမ္မတူမြို့နယ်ထဲ တိုးလာတယ်။ အဲ့ဒါကို ကိုယ်က ဒီစီမံကိန်းနဲ့ ပက်သက်ပြီး ခွင့်ပြုမိန့်ဘယ်လောက်ထိ ရထားလဲဆိုတော့ ခွင့်ပြုမိန့်မရသေးဘူး စမ်းသပ်ဆဲ ကာလ”လို့ စီမံကိန်း စတင်ခဲ့တဲ့ အချိန်ကာလ အကြောင်းကို နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း နန်းခမ်းအေးက ပြောပြပါတယ်။


နမ္မတူမြစ်ပေါ် ဆည်တည်ဆောက်မယ်ဆိုကတည်းက နမ္မတူမြို့နယ်၊ သီပေါမြို့နယ်နဲ့ကျောက်မဲမြို့နယ် ပြည်သူတွေ က နှစ်ကြိမ် ဆန္ဒပြခဲ့ပေမယ့် ကန့်ကွက်တဲ့ကြား ရေကာတာ တည်ဆောက်မယ့် လုပ်သားတွေနေဖို့ အတွက် အဆောက်အဦး ၁၀ လုံးကျော် တည်ဆောက်ခဲ့ပါတယ်။

credit SHRF


ခွင့်ပြုချက်မရှိဘဲ သစ်ပင်ခုတ်ခြင်းအတွက် ၂ဝ၁၇ ခုနှစ်တွင် ဒဏ်ကြေးငွေ (တစ်ပင်လျှင် ကျပ် ၅၀၀၀ သို့မဟုတ် ၃.၆၇ ဒေါ်လာ) ဖြင်ႉလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန MOEE မှ ကုမ္ပဏီသို့ ရိုးရှင်းစွာ သတိပေးထားပြီး လက်ရှိအချိန်ထိ အရေး ယူခြင်း မရှိသေးပေ။
NCEH ကုမ္ပဏီ ဟာ မြန်မာနိုင်ငံသားအမည်ခံ တရုတ်လူမျိုးပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ပြီး၊ သီပေါ-နမ္မတူ ကားလမ်း တလျောက် စီမံကိန်းအတွက် ဆောက်လုပ်ထားတဲ့ တဲမှာ တရုတ်လူမျိုးတွေ နေထိုင်နေကြပါတယ်။

“ ဖြစ်ချင်တော့ ကိုယ်နေပြည်တော်ကနေ ပြန်လာတဲ့အချိန် မိုးတိမ် တံတားပေါ်ကနေ လှမ်းကြည့်တော့ တဲတွေ မရှိသင့်တဲ့နေရာ တဲတွေ ရှိနေတာ တွေ့ရပြီး ကိုယ်သွားလေ့လာခဲ့တယ်၊ အဲ့မှာနေတဲ့သူတွေက တရုတ်တွေဖြစ်နေတယ် ၊ မြန်မာပြည်က တရုတ်ရော ဟိုဘက်က တရုတ်ရော ၊ မြန်မာရော နေနေကြတယ်၊ ပြီးတော့ လမ်းနယ်မြေပေါ်မှာ တဲထိုးနေကြတာ” လို့ ၂၀၁၈ခုနစ်က အကြောင်းကို နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း နန်းခမ်းအေးက ဆိုပါတယ်။


ထိုကုမ္ပဏီဟာ တရုတ်နိုင်ငံသားပိုင်ကြောင်း ပြောဆိုခဲ့ပေမယ့် တရုတ်နိုင်ငံထဲတွင် ထိုနာမည်နဲ့ ကုမ္ပဏီ မရှိပေ။


“ဒီကုမ္ပဏီက တရုတ်ပိုင်တယ်လို့ပြောထားပေမဲ့ တရုတ်နိုင်ငံထဲမှာတော့ မရှိဘူး၊ ဒါပေမဲ့ တရုတ်က Electricity Material နဲ့ ကာဗာယူထားတော့ တရုတ်ကို မေးရန်လည်း ဟိုလူ့ကိုလွဲချ ဒီလိုလွဲချနဲ့ ဘယ်တော့မှ ရှင်းရှင်း မပြောဘူး၊ ပြဿနာဖြစ်လာရင် သူတို့လွတ်ဖို့ Back Up လုပ်ထားပြီးသားပါ” လို့ ရေကာတာ တည်ဆောက်မှုကို လေ့လာနေတဲ့ သူတစ်ဦးက ပြောဆိုလိုက်ပါတယ်။


ရေကာတာ ဟာ ဘယ်သူတွေ အတွက်လဲ


သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြစ်ပေါ်တွင် အကြီးစားရေကာတာစီမံကိန်း ၃ ခုရှိပြီး နော်ဝေးနိုင်ငံပိုင် SN Power ကုမ္ပဏီ ရင်းနှီးမြုပ်နှံမှုဖြင်ႉ ၇၃၅ မီကာဝပ် ထွက်ရှိမယ့် အလယ်ရဲရွာစီမံကိန်း၊ တရုတ်၊ ဂျပန်၊ ဆွဇ်ဆလန်နှင့် ပြင်သစ်နိုင်ငံ ကုမ္ပဏီများမှ ပါဝင်ဆောက်လုပ်လျှက်ရှိသော ၂၈၀ မီကာဝပ် အထက်ရဲရွာ ရေကာ တာစီမံကိန်းနှင့် Natural Current Energy Hydropower Company Limited မှ ၂၁၀ မီကာဝပ် နမ္မတူ (သီပေါ) ရေကာတာစီမံကိန်းတွေဖြစ်ပါတယ်။

နမ္မတူမြစ်ပေါ် လက်ရှိစီစဥ်ထားသည့် ရေကာတာ Credit SHRF


ကုမ္ပဏီတိုင်းဟာ ဒေသ ဖွံ့ဖြိုးရေး၊ မီးလင်းရရှိရေး ဆိုတဲ့ ခေါင်းစဥ်နဲ့ ပြည်သူတွေကို စည်းရုံးခဲ့ကြပါတယ်။


နမ္မတူ (သီပေါ) ရေကာတာ က ထွက်လာမယ့် ရေအားလျှပ်စစ် က ၂၁၀ မဂ္ဂဝပ်ကို မြန်မာနိုင်ငံအတွင်းမှာပဲ ဖြန့်မှာဖြစ်ပြီး ပထမဆုံးအနေနဲ့ ကုမ္ပဏီဘက်မှာ National Power Grid (နိုင်ငံတော် မဟာဓာတ်အားလိုင်း) ကို သွင်းမှာလို့ သျှမ်းပြည် မြစ်ချောင်းများကွန်ရက် က တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။


‘ရေအားလျှပ်စစ်က မြန်မာနိုင်ငံအတွင်းမှာပဲ ဖြန့်မှာဖြစ်ပါတယ်၊ အရင်ဆုံးကတော့ National Power grid ကို သွင်းမှာပဲ၊ အဓိကကတော့ သူတို့ဖောက်နေတဲ့ မီးရထားလမ်းနဲ့လည်း ဆိုင်မယ်ထင်တယ်၊ သူတို့ အဲ့မှာ သုံးဖို့ လျှပ်စစ်အားလိုတယ်လေ အဲ့ကြောင့် ဒီကြားထဲက ဘူတာတွေမှာ သုံးဖို့ရယ် မီးရထားမှာ သုံးဖို့ အတွက်က အဓိကကပေါ့” လို့ သျှမ်းပြည် မြစ်ချောင်းများ ကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


လက်ရှိ နမ္မတူ (သီပေါ) ရေကာတာ ဟာ တရုတ်နိုင်ငံမှ တဆင့် မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းနဲ့ ချိတ်ဆက်နေပါတယ်။


“ကန်ထရိုက်ဆွဲထားတဲ့ ကုမ္ပဏီ ကတော့ သူရင်းနှီးထားသလောက် လျှပ်စစ်မီးတွေကို ပြန်ရောင်းပြီး အမြတ်ပြန်ယူမှာ ဆိုတော့ ဘယ်နေရာမှာဘယ်လောက်သုံးမယ်ဆိုပြီး ယူနစ်နဲ့ သူတွက်ထားမှာပဲ၊ ဘယ်လိုပြောပြာ သူတို့ဘက်က အမြတ်ပဲ ရှိမှာပါ” လို့ ၎င်းက သုံးသပ်ပြောသည်။


အခုလုပ်ဆောင်နေတဲ့ Natural Current Energy Hydropower ကုမ္ပဏီ ဟာ စစ်ကောင်စီနဲ့ ပူးပေါင်း လုပ်ဆောင်တဲ့ အတွက် စစ်ကောင်စီ ဘက်ကို ၁၅ရာခိုင်နှုန်း အစုရှယ်ယာ ခွဲဝေးပေးမယ်လို့လည်း တိကျတဲ့ သတင်းရင်းမြစ် ပြောပြချက်အရသိရပါတယ်။


“ကျနော်တို့ သိရသလောက် စစ်ကောင်စီဘက်က ၁၅ ရာခိုင်နှုန်း ရှယ်ယာရထားတယ်၊ လက်ရှိက လုပ်ပိုင်ခွင့် အာဏာတွေ အားလုံးလည်းသူတို့လက်ထဲမှာဆိုတော့ သူတို့ဘယ်လောက်ရလဲ ဘယ်လောက်တောင် ပါဝင်ထားလဲ ဆိုတာ သိရဖို့လည်း ခက်ခဲပါတယ်” – လို့ နမ္မတူမြစ်ချောင်း ပေါ်တည်ဆောက်နေတဲ့ရေကာတာကို လေ့လာနေသူ တစ်ဦးက ပြောပါတယ်။


သျှမ်းပြည်လူထု အတွက် ရေကာတာ တည်ဆောက်ပြီး မီးလင်းဖို့ရေးထက် ရေကာတာကြောင့် ဆိုးကျိုးကို လူထုတွေပိုခံရမယ်လိုလည်း သူက ထပ်လောင်းပြောပါတယ်။


လျှပ်မီးလင်းဖို့က စစ်မီးလောင်ကျွမ်းစဖြစ်လာ


၂၀၁၀ အထွေထွေရွေးကောက်ပွဲ က နေ အာဏာ ရလာတဲ့ စစ်ယူနီဖေါင်းချွတ် ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် ၂၀၁၃ ခုနှစ်က ဆောက်ဖို့ပြင်ဆင်လာ တဲ့ အထက်ရဲရွာ ခေါ် ကျောက်မဲမြို့နယ်က တာလုံကျေးရွာ နားက နမ္မတူမြစ် ရေအားလျှပ်စစ် စီမံကိန်း နဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင်နဲ့လူမှုရေးဆိုင်ရာ ထိခိုက်မှုများဆန်းစစ်ခြင်းလုပ်ငန်း EIA-SIA ကို ၂၀၁၄ မှာ သုံးလ အတွင်း အပြီးအစီးလုပ်ခဲ့ပြီး နမ္မတူမြစ် ရေအားလျှပ်စစ် စီမံကိန်းကို စခဲ့ပါတယ်။

နမ္မတူမြစ်ပေါ် ရေကာတာ တည်ဆောက်နေတဲ့အနီး တိုက်ပွဲ အခြေအနေ credit SHRF


ဒါပေမယ့် သီပေါမြို့မြောက်ဘက် တာတေကျေးရွာအုပ်စု အတွင်းမှာ တည်ဆောက်မယ် မိုးတေ ခေါ် လီလု ရေအားလျှပ်စစ်ကတော့ လူထုကို ဘာမှ ချပြတာတွေမရှိခဲ့ပါဘူး။


“ဒီဒေသက အပစ်မရပ်ခင်ကတည်းက RCSS ရှိနေပြီးသားလေ။ ရေကာတာ တည်ဆောက်မဲ့ ကုမ္ပဏီက တရုတ်ပြည်က ဝ အဆက်နဲ့လာတယ် လို့ သိရတယ်။ အဲဘက်မှာ RCSS ရှိနေတာကို မလိုလားတော့ စစ်မီးက စတော့တာဘဲ။ လျှပ်စစ်မီးတော့မရသေးဘူး။ ဗုံးသီးကျ ပြီး ရွာတော့မီးလောင်တော့တာဘဲ” လို့ အမည်မဖေါ်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။


၂၀၁၅ အောက်တိုဘာ ၁၅ ရက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် မချုပ်ခင်ကတည်း RCSS မြောက်ပိုင်းဒေသ ရောက်ရှိနေပြီးသားပါ။ ၂၀၁၂ ခုတုန်းက ရွှေလီမြစ်ဝှမ်းမျာ RCSS အမှတ် ၇၀၁ စစ်ဒေသ နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့တယ်။

အဲ့ဒီဒေသမှာ အရင်ကတည်းက ရှိနေတာက စစ်အာဏာသိမ်း မြန်မာ့တပ်ဖွဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) တို့ ရောထွေးနေထိုင်ကြပါတယ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဉီး တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့က ၂၀၁၅ ခုနှစ် နောက်ပိုင်းမှ ရောက်လာတာဖြစ်တဲ့ အကြောင်း ဒေသခံ နောက်တစ်ဦးက ပြောပါတယ်။


“အာစီ နဲ့ တိုက်ပွဲမဖြစ်တုန်းက တော့ ကျနော်တို့ရွာမှာ ပလောင်တပ်မမြင်ဖူးဘူး။ အာစီ ထွက်ခွါသွားလို့ အခု မှာ ဝမ်ဟိုင်းတပ်(SSPP) နဲ့ ရောက်လာတာ” လို့ တာတေ ဒေသခံ တစ်ဉီးကပြောပါတယ်။


လက်ရှိမှာ ဒေသခံတွေဟာ မီးရဖို့ထက် တိုက်ပွဲကြောင့်၊ စစ်အားသစ်စုဆောင်းမှုကြောင့် နေရပ်ကနေ ထိုင်းဘက်၊ တရုတ်နယ်စပ်ဘက် နေ့စဉ်နဲ့အမျှ ရှောင်တိမ်းနေကြပါတယ်။


ရေလွှမ်းမိုးမယ်ဆိုတဲ့ တာတေကျေးရွာအုပ်စု က ပြည်သူတွေဟာ စစ်ပွဲကြောင့် အကြိမ်ပေါင်းများစွာ စစ်ဘေးရှောင် ထွက်ပြေးရတဲ့အပြင် လက်ရှိမှာလဲ ကျေးရွာက ရွာပျက်လို ဖြစ်နေတယ်လို့ ဒေသခံ တွေက ဆိုပါတယ်။


“အရင်က နိုင်ငံခြားသားတွေ ခဏ ခဏ လာတယ်။ အခု တော့ဘယ်သူမှ မလာတော့ဘူး။ မြောက်ပိုင်း မဟာ မိတ် တပ်တွေကလဲ လူထု မကာကွယ်တဲ့အပြင် လယ်ယာတောလမ်းတွေမှာ မိုင်းတွေ တအားထောင်တယ်” – တာချီလိတ်ရောက် တာတေ ဒေသခံတဉီးက လဲပြောပါတယ်။


ရေကာတာ မတည်ဆောက်ခင်က RCSS တပ်ဖွဲ့ လှုပ်ရှားနဲ့နေရာ တခုဖြစ်ခဲ့ပြီး၊ ရေကာတာ တည်ဆောက်မယ် ဆိုတဲ့ သတင်းကြောင့် “ဝ” တပ်ဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ဖြစ်တဲ့ SSPP/SSA နဲ့ TNLA တပ်တို့ ရောက်ရှိလာခဲ့ပြီး စစ်မီးတောက်လောက်လာခဲ့ပါတယ်။
၂၀၂၁ ခုနစ် နှစ်နှောင်းမှ စပြီး အဲ့ဒီနေရာမှာ RCSS/SSA တွေ မရှိတော့ဘဲ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေ စတင်လှုပ်ရှားလာခဲ့ပါတယ်။

လက်ရှိ အဲဒီ့ဒေသ ဘက်မှာ ဝ တပ်လို့ ယူဆရတဲ့ အမှတ်တဆိပ်မပါ စစ်ယူနီဖေါင်းဝတ် တရုတ်စကားပြော လက်နက်ကိုင်အဖွဲ့လဲ မကြာခဏ တွေ့ရတယ်လို့ လဲ ဒေသခံ တွေက သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

ရေကာတာတည်ဆောက်မှုကြောင့် ပြည်သူများစိုးရိမ်မှု


နမ္မတူ (သီပေါ) ရေကာတာ ဟာ ရေအားလျှပ်စစ် (၂၁၀)မဂ္ဂဝပ် ထုတ်မှာြဖစ်ပြီး၊ ရေကာတာ အမြင့် ၁၁၄ မီတာ၊ ရေလွှမ်းမိုးခံရမယ့် ရေလှောင်ကန်ဧရိယာ ၈၆၆.၆၉ ဟက်တတာရှိကြောင်း SHRF ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထား ပါတယ်။

ရေကာာတာ စီမံကိန်းကို လွှတ်တော်ရှိချိန်မှာတော့ ကန့်ကွက်နိုင်ခဲ့ပြီး စီမံကိန်းကိုရပ်ဆိုင်းခဲ့ကာ အခု ၂၀၂၂ ခုနစ်မှာတော့ အာဏာသိမ်း စစ်ကောင်စီ နဲ့ NCEH ကုမ္ပဏီတို့ ပူးပေါင်းပြီး စီမံကိန်း ယန္တယားကြီးကို ပြန်လည် လည်ပတ်နေကြပါပြီ။


စီမံကိန်း အတွက် ယန္တယားတွေ ပြန်လည်ပတ်နေတဲ့သတင်းကြောင့် သီပေါမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်မှုတွေရှိနေပြီး၊ ရေလွှမ်းမိုးနိုင်တဲ့အတွက် ရေကာတာ တည်ဆောက်တဲ့ လမ်းကြောတလျောက်က တချို့နေအိမ်တွေဟာ “ ရောင်းရန်ရှိသည်” ဆိုတဲ့ ဆိုင်းဘုတ်တွေလည်းချိတ်ဆွဲထားပါတယ်။

သီပေါ-နမ္မတူ ကားလမ်းအကြားရှိ နေအိမ်

“ သီပေါ အထွက် နမ္မတူ ဘက်သွားလမ်းမှာဆိုရင် ခြံရောင်းမယ်ဆိုတာတွေ တော်တော်များများဖြစ်လာတယ်။ ရေကာတာ စီမံကိန်းမလာခင်ကတော့မရှိဘူး။ အခုနောက်ပိုင်း ခြံတွေရောင်းဖို့လုပ်နေကြတယ်” လို့ သီပေါမြို့တွင်နေထိုင်တဲ့ နန်းလှက လက်ရှိ အနေအထားကို ပြောပြပါတယ်။

နမ္မတူ မြစ်ပေါ်မှာ ရေကာတာ (၃)ခုတည်ဆောက်မှာဖြစ်ပြီး ရေမြှုပ်ဧရိယာ အကျယ်အဝန်းက ပိုများကာ စိုက်ပျိုးရေးကို အားကိုးနေရတဲ့ ပြည်သူတွေအတွက် စိုးရိမ်စရာတွေ ဖြစ်လာပါတယ်။

နမ္မတူ ရေကာတာရဲ့ အောက်ဖက်မှာနေထိုင်တဲ့ သီပေါဒေသခံပေါင်း ၁၀၀၀ ကျော် ဟာ မြစ်ရေနည်းပါးမှုတွေ၊ ခန့်မှန်းရန် ခက်ခဲသော မြစ်ရေတက်၊ကျတာတွေနဲ့ မြေဆီမြေနှစ် တွေပိတ်ဆို့တာတွေနဲ့ ရေကာတာ ရုတ်တရက် ပေါက်ကွဲ ပျက်စီးမှု ကြောင့် ရေလွှမ်းမိုးခံရမှာကို ကြောက်ရွံ့နေကြ လို့ သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF) ရဲ့ ၂၀၂၀ခုနစ် မတ် ၁၄ရက် ထုတ်ပြန်ချက်တွင်ရေးသားထားပါတယ်။

“ ရေကာတာက သီပေါမြို့ရဲ့ အပေါ်ပိုင်းမှာရှိတယ်လေ။ ရေကာတာဖောက်ချလိုက်ရင် ဒါမှ မဟုတ်တခုခုဆိုရင် ကျနော်တို့ အောက်ပိုင်းနေတဲ့သူတွေကတော့ ရေကြီးတာရေလွှမ်းမိုးတာ ဖြစ်လာနိုင်တယ်။ အဓိက စိုက်ပျိုးရေးလုပ်တဲ့ ကျနော်တို့လို သူတွေအတွက်တော့ စိုးရိမ်စရာပေါ့” လို့ သီပေါမြို့ မှ တောင်သူ စိုင်းအောင် က ပြောပါတယ်။

အခုဆောက်မယ့် ရေကတာက နမ္မတူ ကနေ မြစ်ဖျားစလာပြီး၊ လီလု-တာတေ-သီပေါ-ဘော်ကြိုကို ဖြတ်တဲ့ ရေတွေအကုန်ကို ဆည်ယူထားရမှာဖြစ်ပါတယ်။

“အခု ဆည်ဆောက်တဲ့နေရာက ကျနော်တို့ ဝမ်းမိုင် ရွာနဲ့ဆိုရင် ၅မိုင်လောက်ပဲကွာတယ်။ ရွာနဲ့နီးတော့ သတင်းတွေ အချက်အလက်တွေအရ စိုးရိမ်မိတာတွေတော့ ရှိတာ။ ဒါပေမဲ့ ဒီဆည်ကြီးကနေ ဘာတွေ ထိခိုက်လာနိုင်မလဲ ဆိုတာတွေလည်း ကျနော့်အနေနဲ့တော့ မပြောနိုင် သေးဘူး” – လို့ ဝမ်မိုင်ရွာသား တစ်ဦးက ပြောပါတယ်။

ရေကာတာ တည်ဆောက်မယ့် ကုမ္ပဏီ ကတော့ ကျေးရွာဒေသခံတွေထံ လျော်ကြေးငွေ ပေးဆောင်ခြင်းမရှိသေးသလို ပြောင်းရွှေ့မယ့်ကျေးရွာကိုလည်း တစုံတရာမှ သွားရောက် ပြောဆိုခြင်း ရွှေ့ပြောင်းပေးခြင်းမရှိသေးပေ။

ရေကာတာတည်ဆောက်မှုကြောင့် သစ်တောဖြုန်းတီးမှု credit SHRF


“ ကုမ္ပဏီ ကတော့ ခုထိ ကျေးရွာထိမလာသေးဘူး။ လီလုကျေးရွာကို ရေလွမ်းလာလို့ ရွှေ့ပြောင်းရမယ်ဆိုရင်တောင် ပြန်လည်နေရာ ချထားရေးအတွက် ဘာမှ စီစဥ်ပေးထားတာ မရှိသေးဘူး၊ ဒီကိစ္စတွေနဲ့ ပက်သက်ပြီး ကုမ္ပဏီ က တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြောပေမယ့် သူတို့ဘက်က လာပြီးမတွေ့ဘူး၊ အတွေ့မခံဘူး” – တာတေကျေးရွာအုပ်စုမှ အကြီးအကဲတစ်ဦးက ပြောပါတယ်။


ဒီလိုမျိုး စီမံကိန်းကြီးတွေ ကို NLD အစိုးရလက်ထက် မှာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ က လူထုကိုယ်စား တင်ပြ တားဆီးပေးနိုင်ခဲ့ပေမယ့် လည်း စစ်အာဏာရှင် လက်ထက်မှာတော့ ဒီအခွင့်အရေးဆုံးရှုံးသွားပါပြီ။


“ အခုလည်း သူတို့က စကစ အစိုးရနဲ့ပြန်ပေါင်းပြီး သဘောတူညီချက်ယူပြီး ပြန်လုပ်နေတာ၊ ဒါပေမဲ့ ကျမမှာ ဘာမှ ပြောခွင့်မရှိတော့ဘူး။ ကိုယ့်လက်ထက်မှာသူတို့ကို အကြိမ်ကြိမ်ကန့်ကွက်တယ်၊ ဖျက်သိမ်းသင့်ရင် ဖျက်သိမ်းတဲ့အထိ ကျမလုပ်ခဲ့တယ်” – လို့ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း နန်းခမ်းအေးက ပြောပါတယ်။

ရေကာတာစီမံကိန်းလိုမျိုး စီမံကိန်းအကြီးကြီးတွေကိုအကောင်အထည်ဖော်မယ်ဆိုရင် ပွင့်လင်းမြင်သာမှု ရှိဖို့အလွန်အရေးကြီးကြောင်း မြန်မာနိုင်ငံသဘာဝပတ်ဝန်းကျင်ရေးရာ လှုပ်ရှားသူဦးဝင်းမျိုးသူကပြောပါတယ်။


“ ကျနော်တို့ ခေတ်အဆက်ဆက်ကို ကြည့်ရင် စစ်တပ်က ကောင်းကျိုးတခုမှမရှိဘူး။ ဒီလိုအချိန်မှာ စီမံကိန်းအကြီးတွေ လုပ်တာဟာ ပွင့်လင်းမှုမရှိတာပဲ။ မလုပ်သင့်ဘူး။ လုပ်ရင်လည်း ပြည်သူတွေအတွက် ကောင်းကျိုးတခုမှ မရှိဘူး” – လို့ ဦးဝင်းမျိုးသူက ဆိုပါတယ်။


စီမံကိန်းနဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ဆိုးကျိုး တွေ ကို သက်ဆိုင်ရာက သေချာစိစစ်ပေးရန်လိုအပ်သလို ပြည်သူလူထု ကိုလည်း ပွင့်လင်းစွာ ပြောသင့်ပါတယ်။


“ကျနော်တို့ ပြည်သူတွေကတော့ အမိန့်အာဏာ မရှိလို့ ခွက်ထဲက ဖားလိုပါပဲ၊ ဘယ်လောက်ပဲ အော်အော် သူ့ခွက်ထဲက မထွက်ရင် သူ့အသံကိုလည်း ဘယ်သူမှ ကြားနိုင်မှာ မဟုတ်ဘူးလေ။ အခုဆိုရင် စစ်တပ်လက်အောက်ခံဆိုတော့ ကျနော်တို့ ကန့်ကွက်နေရင်လည်း မထူးဘူး” – လို့ တာတေကျေးရွာအုပ်စု မှ အကြီးအကဲတစ်ဦးက ပြောပါတယ်။

(နန်းဆိုင်နွမ် နဲ့ နန်းနောင့်နောင့် ပူးပေါင်းရေးသားထားသည်။ )

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

လောက်ကိုင်တွင် MNDAA နှင့် TNLA တွေ့ဆုံဆွေးနွေး၊ နေရာအချို့ ထပ်မံတပ်ဆုတ်ခိုင်းဟုဆို

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် MNDAA နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေစဉ် လားရှိုးမြို့အနီးရှိ TNLA တပ်စခန်းအချို့ကို ထပ်မံတပ်ဆုတ်ပေးရန် MNDAA ဘက်မှ တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၇ ရက်) နံနက်ပိုင်းမှ စတင်ပြီး လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့်...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

နမ္မတူသတ္တုတွင်း ဝန်ထမ်းအိမ်ရာများကို TNLA ကဖယ်ရှားခိုင်း

0
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ပေါ်ရှိ သတ္တုတွင်း ဝန်ထမ်းအိမ်ရာတွင်နေထိုင်သူများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဖယ်ရှားရန် ညွှန်ကြားထားသောကြောင့် နှစ်ရှည်လများ အခြေချနေထိုင်လာသည့် အငြိမ်းစားဝန်ထမ်းများနှင့် မိသားစုဝင်များမှာ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့ သတ္တုတွင်းရပ်ကွက် (၄) ရှိ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သူများကို TNLA အုပ်ချုပ်ရေးအဖွဲ့က...

နမ့်ခမ်းမြို့အနီးထိ MNDAA ဒရုန်းဗုံးကျရောက်

0
သျှမ်းပြည် နမ့်ခမ်းမြို့အနီးထိ ကိုးကန့်တပ်ဖွဲ့ MNDAA ပစ်ခတ်သည့် ဒရုန်းဗုံးများ ကျရောက်နေခြင်းကြောင့် မြို့ပေါ်ရှိ အရပ်ဖက်လူမှုအဖွဲ့အစည်း ဝန်ထမ်းများကို TNLA ဘက်မှ တိမ်းရှောင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) နံနက် ၆ နာရီခွဲကျော်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA...